15/06/2026
🙏🏻ဒီလိုတရား နာဖြစ်အောင် နာယူပါ🙏🏻
🌺“သရဏဂုံ ညစ်နွမ်းခြင်း အကြောင်းတရား”🌺
(၁) ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို
မသိခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။
ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်
သံဃာ့ဂုဏ်တော်တို့ကို နားမလည်က
ယုံကြည် ဆည်းကပ်စိတ် အားပျော့သွားသဖြင့်
သရဏဂုံ ညစ်နွမ်း၏။
(၂) ရတနာသုံးပါး၏ ဂုဏ်ကို
အသိမှားခြင်းကြောင့်
သရဏဂုံ ညစ်နွမ်းခြင်း။
မြတ်စွာဘုရား၏ ဂုဏ်တော်အရှိက တခြား
မိမိသိထားသည်က တမျိုးဖြစ်ပါက
အသိမှားသောကြောင့်
ယုံကြည် ဆည်းကပ်စိတ်
အားပျော့၊ သရဏဂုံ ညစ်နွမ်း၏။
(၃) ဘုရား တရား သံဃာကို
ယုံမှား သံသယဖြစ်ခြင်းကြောင့်
သရဏဂုံ ညစ်နွမ်းခြင်း။
ဘုရားဆိုတာ တကယ်
ပွင့်ခဲ့တာမှ ဟုတ်ရဲ့လား
သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ
ဟုတ်နိုင်ပါ့မလား
တရားကကော တရားစစ်
တရားမှန် ဟုတ်ရဲ့လား
ဒီတရားအတိုင်း လိုက်နာရင်
အကျိုးရှိနိုင်ပါ့မလား
ချမ်းသာရစေနိုင်တယ်ဆိုတာ
ဟုတ်ပါ့မလား
ဒီတရားအတိုင်းကျင့်ရင်
စီးပွားရေးတွေ မဆုတ်ယုတ်ကုန်ပေဘူးလား
သံဃာကကော ကိုးကွယ်
ဆည်းကပ်ထိုက်တဲ့ သံဃာဟုတ်ပါ့မလား
လူတွေနဲ့ ဘာထူးသလဲ၊
အဲဒီလို စသည်ဖြင့်
ရတနာသုံးပါးအပေါ်မှာ ဖြစ်စေ
တစ်ပါးပါးအပေါ်မှာ ဖြစ်စေ
ယုံမှား သံသယ ဒွိဟစိတ်
ဝိစိကိစ္ဆာစိတ်တွေ ဖြစ်နေပါက
ယုံကြည် ဆည်းကပ်မှု
အားပျော့သွားပြီး
သရဏဂုံ ညစ်နွမ်း၏။
(၄) ရတနာသုံးပါးကို
မရိုသေမလေးစားခြင်းကြောင့်
သရဏဂုံ ညစ်နွမ်းခြင်း။
ရတနာသုံးပါးအကြောင်းကို
သေသေချာချာ မလေ့လာ မသိရှိဘဲ၊
သာမန်မျှ မဖြစ်စလောက်
အသိကလေးပေါ် အခြေခံပြီး
ရတနာသုံးပါးအပေါ်မှာ
အထင်သေး အမြင်သေး
ရိုသေ လေးစားမှု မရှိခြင်းကြောင့်
ယုံကြည် ဆည်းကပ်စိတ် အားနည်းကာ
သရဏဂုံ ညစ်နွမ်း၏။
(၅) ဘိုးတော်ဘွားတော် နတ်ကတော်တို့အား
ကိုးကွယ်ရာဟု ဦးချရှိခိုးလျှင် ညစ်နွမ်းခြင်း၊
ကံ ကံ၏အကျိုးအား သေသေချာချာ
လေ့လာမသိရှိဘဲ၊ နတ်တို့ နတ်ကတော်
ဘိုးတော်ဘွားတော်အား၎င်း
အပါယ်ဘုံဝင်သော
အောက် နတ်မျိုးနတ်နွယ်တို့အား
ကိုးကွယ်အားထားရှိခိုး ဦးချလျှင်
သရဏဂုံ ညစ်နွမ်း၏။
ဤနေရာမှာပြောချင်သည်မှာ
နတ်တို့ဆိုသည်မှာ မိမိပြုလုပ်သော
ဒါနသီလဘာဝနာတို့ကို
အမျှပေးဝေရခြင်းသာဖြစ်ပေ၏၊
မြန်မာပြည်သူ ပြည်သားအချို့တို့
အယူလွဲမှားစွာ ကျင့်သုံးနေခြင်းအပေါ်
များစွာ ဝမ်းနည်းသနားမိပါ၏။
မြတ်ဗုဒ္ဓ သာသနာတော်မြတ်ကြီးနှင့်
ကြုံတွေ့ရသော်လည်း ဘာသာရေးစာပေ
လေ့လာလိုက်စားမှု အားနည်းသောကြောင့်
မဟုတ်ကို အဟုတ်လုပ်နေကြသည်တာတည်း။
ကိုးကွယ်ရာတွင် အရိယာတို့
ယုံကြည်သော သဒ္ဒါမျိုးဖြင့်
သရဏဂုံအပေါ်တွင် ထက်သန်စိတ်
ထားကြပါကုန်။
အရိယာတို့သည်
ကံ ကံ၏အကျိုးကို
အကြောင်းအကျိုးကို
အကြောင်းရှိမှ အကျိုးဖြစ်မည်။
အကျိုးဖြစ်ဖို့ အကြောင်းလုပ်ရသည်။
အရိယာတို့သည် မှန်ကန်သော
အကြောင်းအကျိုး ကံကံ၏သဘောကို
နားလည်သဘောပေါက်ကြ၍
မည့်သည့်နတ်
မည်သည့်ဘိုးတော်ဘွားတော်
မည့်သည်ဗေဒင် မည်သည့်ယတြာကိ
ဘယ်သောအခါမှ မပြုလုပ်ပဲ
ထက်သန် မြဲမြံ မှန်ကန်သော
သမ္မာဒိဠိ အယူမှန်ရှိကြသည်။
ပုထုဇဉ်များ အနေဖြင့်
အရိယာသူတော်ကောင်းတို့
သဒ္ဒါမျိုးကြိုးပမ်းကြ၍
အဆင့်မြင့်ပုထုဇဉ်မှ တစ်ဆင့်
အရိယာသူတော်ကောင်းဖြစ်အောင်
ကြိုးစားအားထုတ်ရာ၏။
သရဏဂုံညိုးနွမ်းခြင်းမှ
ရှောင်ကြဉ်ရာ၏။
(ချမ်းမြေ့ဆရာတော်ဘုရားကြီး)