04/09/2023
ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသား ကြက်ခြေနီလခြမ်းနီ အသင်းများက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ ဒုတိယအပတ် စနေနေ့ကို ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့အဖြစ် သတ်မှတ်ပြီး ရှေးဦးပြုစုခြင်း၏ အရေးပါမှုကို အသိပညာမြှင့် တင်ရန် အတွက် ရည်ရွယ်ပြီး အခမ်းအနားများပြုလုပ်လျက်ရှိပါသည်။ ရှေးဦးပြုစုခြင်း အတတ်ပညာများဖြင့် သဘာဝနှင့် ပဋိပက္ခအခြေအနေများအပါအဝင် နေ့စဉ်လူမှုဘဝများတွင် လူအများ၏ အသက်ကို ကယ်တင်ပေးနိုင်ခြင်းအား လူထုသိရှိစေရန် ရည်ရွယ်ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အတွက် ရွေးချယ်ထားသည့် ဆောင်ပုဒ်မှာ ဒစ်ဂျစ်တယ် ကမ္ဘာထဲက ရှေးဦးပြုစုနည်းပညာ First Aid in the Digital World ဖြစ်ပါသည်။ တိုးတက်လာသည့် နည်းပညာခေတ်နဲ့အညီ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများမှ တစ်ဆင့် ရှေးဦးပြုစုခြင်းနည်းပညာကို လေ့လာသိရှိမျှဝေနိုင်ခြင်း၏ အရေးပါပုံကို ပေါ်လွင်စေရန်အတွက် ဒစ်ဂျစ်တယ် ကမ္ဘာထဲက ရှေးဦးပြုစုနည်းပညာ ဆောင်ပုဒ်ကို ရွေးချယ်ထားခြင်း ဖြစ်ပါသည်။
ရှေးဦးပြုစုခြင်းနည်းပညာကို လူတိုင်း လက်လှမ်းမှီ ရရှိလေ့လာနိုင်ခြင်းဖြင့် တစ်အိမ် တစ်ယောက် ရှေးဦးပြုစုခြင်းတတ်မြောက်ရမည်ဆိုသည့် ကြှနျုပျတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဒီဂျစ်တယ် နည်းပညာက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါသည်။ အင်တာနက်အသုံးပြုရန်ခက်ခဲသည့် နေရာများတွင်ပင် ဒီဂျစ်တယ် နည်းပညာသည် အခြေခံရှေးဦးပြုစုခြင်းမှအစ အသက်ကယ် နည်း ပညာများကို ပြန်လည်ဆန်းသစ်ထားသော ရှေးဦးပြုစုခြင်းသင်တန်းများအထိ လေ့လာစေနိုင်ပါသည်။
#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
# FirstAidintheDigitalWorld