21/04/2026
ယာဉ်မတော်တဆမှုများတွင် အခင်းဖြစ်ကားအား သက်သေခံ ပစ္စည်းအဖြစ်တင်သွင်း၍ ရသလား
လွန်ခဲ့တဲ ဆယ်စုနှစ်ခန့်က ရန်ကုန်မြို့တွင် တရားလွှတ်တော်ရှေ့နေကြီး တစ်ဦးနှင့် ရှေ့နေလိုက်နေသည့် အငြိမ်းစား ရှေ့နေ ဆရာမကြီး တစ်ဦးတို့က မေးခွန်းတစ်ခုမေးခွန်း တစ်ခုမေးဖူးပါသည်။
“မင်းကဘယ်လောက်တက်လို့လဲ”
“ မင်းအသက်ရွယ်နဲ့ ဘယ်လောက်တက်အုံးမှာလဲ” ဟုဖြစ်သည်။
ထိုစဉ်ကအတွေးဝင်မိသည်မှာ ဥပဒေပညာသည် အသိပညာ ဖြစ်ပြီး အတက်ပညာမဟုတ် ဟုသာ ထင်မြင်ခဲ့ပါသည်။ နောက်ပိုင်း အတွေ့ကြုံများလာသည့်အခါ ဥပဒေပညာသည် အသိပညာသာမက အတက်ပညာလည်း ပါဝင်ပါသည်။
ဘာတွေတက်သင့်လဲဆိုက ရုံးချိန်းများယူတက်ရသည်။ ရှေ့နေဖြစ်ပါက အမှုလိုက်ခ တောင်းတက်ရသည်။ ဥပဒေများ စီရင်ထုံးများရှာဖွေတက်ရသည်။ တရားခွင်တွင် အမှုစစ်တက်ရသည်။ အမှုသည်အား ထိန်းတက်ရသည်။ ရုံးအသီးသီးမှ ဝန်ထမ်းများနှင့် ပေါင်းတက်သင်းတက် ပြောတက်ဆိုတက်ရသည်။ လက်တွေ့လုပ်ငန်းခွင်တွင် ထိုထက်မက ပညာစုံလှပါသည်။
“ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်” ဟု ဆိုကြပါသည်။ တရားမျှတမှုအား ဥပဒေနှင့် အညီရှာဖွေကြရာတွင် အထက်အောက် အကြီးအငယ် ရာထူးရှိသူ သာမန်လူဟူ၍ မရှိပါ။ တရားမျှတမှုပေါ်ပေါက်ရေးအတွက် လက်တွေ့ ဆောင်ရွက်ကြရာတွင် တစ်ဦးနှင့် တစ်ဦးလေစားအမှုဖြင့် ဆက်ဆံကြသော်လည်း အမှားရှိက အမှန်ကိုထောက်ပြရသည်။ အမှန်ကို ဥပဒေနှင့် အညီပြင်ဆင်တည့်မတ်ပေး ကြရပါသည်။ တရားမျှတမှု မရှိက တရားမျှတမှုရှိအောင် အထက်ရုံး အဆင့်ဆင့်က ပြင်ဆင်ပေးတည့်မတ်ပေးကြရပါသည်။ ဥပဒေကို သိသူတစ်ဦး တရားမျှတမှုအတွက် ထွက်ဆိုနိုင်သူတစ်ဦးသည် မည့်သည့်အသက်ရွယ် မည်သည့် အဆင့်တန်းတွင်ရှိနေ စေကာမှု ၎င်း၏ တင်ပြချက်၊ ထွက်ဆိုချက်၊ လျှောက်လဲချက် ခိုင်မာမှန်ကန်နေလျင် ယင်း အမှန်တရားကို လက်ကိုင်ထားရသည်သာဖြစ်ပါသည်။
ယာဉ်မတော်တဆမှုများတွင် နယ်မြေခံ ယာဉ်ထိန်းရဲ (သို့မဟုတ်) ရဲစခန်းတွင်ယာဉ်အား ထိန်းသိမ်းထားလေ့ရှိပါသည်။ အချို့ယာဉ်ထိန်းရုံးများ၊ ရဲစခန်းများတွင် ယာဉ်မတော်တဆ ဖြစ်သည့် ကားများမှာ အမျိုးစားစုံ အရောင်သွေးစုံလင်လှသည်။ မသိလျင် နိုင်ငံခြားဇာတ်လမ်းထဲမှ ကားအဟောင်းများစုပြုံထားရာနေရာသို့ ရောက်သွားသည့် အလား ကားမျိုးစုံလှပါသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာတွင် အများစုမှာ ယာဉ်ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပွားသလို အချို့ အမှုများတွင် ယာဉ်မောင်းသူကိုယ်တိုင် ဖြစ်ပွားကြလေ့ရှိပါသည်။ ယင်း ယာဉ်မတော်တဆမှုတိုင်းတွင် ယာဉ်ပိုင်ရှင်၏သဘောဆန္ဒမှာ မိမိကားအား အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေးဖြစ် ပါသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါက တရားစွဲဆိုရာတွင် လူထိခိုက်မှု / မတော်တဆဆုံးပါးမှု အတွက် ဆရာဝန်ဆေးစာ၊ ယာဉ်တိုက်မှု အခြေအနေပြ မြေပုံကြမ်း၊ မော်တော်ယာဉ် အင်ဂျင်နီယာ၏ စစ်ဆေးချက်အစီရင်ခံစာ၊ ယာဉ်ထိန်းရဲ သို့မဟုတ် ရဲအရာရှိ သို့မဟုတ် တပ်မတော်တပ်ထိန်း တစ်ဦး၏ ထွက်ဆိုချက် အပြင် နောက်ပိုင်းတွင် လိုအပ်ချက်အရ ကညန၏ ယာဉ်စစ်မှတ်တမ်းတို့ လိုအပ်ပါသည်။
ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာတာဝန် ရှိသူမှ အခင်းဖြစ်ကားအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး တရားရုံးသို့ရောက်မှ မူလပိုင်ရှင်က အာမခံဖြင့်ကားအားထုတ်ယူရန် ပြောဆိုနေကြခြင်းဖြစ်ပါသည်။
ဒေါ်သန်းတင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၆ မတစ ၃၃၆ အမှုတွင် “မော်တော်ယာဉ် ကို ရမ်းကားပေါ့ဆစွာမောင်းနှင်၍ ယာဉ်တိုက်မှုမှယာဉ်ကို ရဲကဖမ်းဆီးပြီး ရုံးရှေ့တင်ပို့ရာ တွင် တရားရုံးက ပိုင်ရှင်ထံ ချက်ချင်းပြန်ပေးရန် ဖြစ်ပြီး တရားရုံးက ထိန်းသိမ်းထားခွင့် စီမံခန့်ခွဲခွင့် မရှိဟု စီရင်ထုံးပြုထားပါသည်။
အထက်ပါစီရင်ထုံးနှင့် အညီလိုက်နာဆောင်ရွက်မည်ဆိုပါက ယာဉ်မတော်တဆမှုများ တွင် တရားရုံး၌ လည်းကောင်း ရဲထံ၌ လည်းကောင်း အခင်းဖြစ်မော်တော်ယာဉ်အား ထိန်းသိမ်းခွင့် စီမံခန့်ခွဲခွင့်မရှိသည်မှာ ပေါ်လွင်မြင်သာလျက်ရှိနေပါသည်။
ထို့အပြင်း ယခင်တရားရုံးချုပ် ယခုပြည်ထောင်စုတရားလွှတ်တော်၏ ၂၃-၁၂- ၈၈ ရက်စွဲ ပါစာအမှတ် ၄၉၄/ ၁၆၅/၈၈ (လထန) ဖြင့် “ ကားသည် သက်သေခံပစ္စည်းမဟုတ်ကြောင်း သတိပြုရန်လိုသည်” ဟု အမှာစာဖြင့် သတိပေးထားပြီးလည်းဖြစ်ကြောင်းတွေ့ရှိရ ပါသည်။
ယာဉ်မတော်တဆမှုများတွင် အခင်းဖြစ်မော်တော်ယာဉ်အား ရဲကလုံးဝ ထိန်းသိမ်းခွင့် မရှိဟု ယတိပြတ် မယူဆနိုင်ပါ။ ယာဉ်မတော်တဆမှု အတွက်တရားစွဲဆို တင်ပို့နိုင်ရန် လိုအပ်သည့် မော်တော်ယာဉ် အင်ဂျင်နီယာ၏ စစ်ဆေးချက်အစီရင်ခံစာနှင့် ကညန၏ ယာဉ်စစ်မှတ်တမ်းတို့အား အချိန်မီရရှိနိုင်ရန် ယာဉ်ပိုင်ရှင်မှ တက်စွမ်းသရွှေ့ လိုက်လံ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ယင်းကဲ့သို့ အစီရင်ခံစာများ ရရှိပြီးနောက် မိမိ၏ မော်တော်ယာဉ်အား ပြန်လည်ထုတ်ယူပိုင်ခွင့် အခွင့်အရေးရှိပါသည်။
သို့ရာတွင် အချို့နေရာဒေသများ၌ အခင်းဖြစ်မော်တော်ယာဉ်အား သက်ဆိုင်ရာမှ သက်သေခံပစ္စည်းအဖြစ် တင်သွင်းခြင်း ၊ အာမခံဖြင့် ထုတ်ယူနေရခြင်း ၊ အခင်းဖြစ်ကားအား ရုံးရှေ့သို့မောင်းနှင့် ပြသရခြင်းများအား ဆောင်ရွက်နေကို ကြုံဖူးပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ယာဉ်ပိုင်ရှင် အနေဖြင့် မိမိနေရာဒေသတွင် အခင်းဖြစ်ပွားပါ က အလွယ်တကူ သက်ဆိုင်ရာရုံးများသို့ သွားလာနိုင်သော်လည်း ရပ်ဝေး ခရီးဝေးမှ လာသူများ အဖို့ ခရီးသွားဟန်လွှဲရင်း အခင်းဖြစ်ပွားပါက အလုပ်အကိုင်ပျက်ပြီး ငွေကုန်ကြေးကျခံလာရသည်ကို ကိုယ်ချင်းစာတရားဖြင့် စာနာကြည့်နိုင်ပါသည်။ အချို့က မျက်ဖြူစိုက်လေဆရာကြိုက်လေဆိုရိုးစကားအတိုင်း သူတပါး ပူလောင်နေမှုအပေါ် အမြတ်ထုတ်လိုကြသည်။ မဆိုလည်း ပညာပေးလိုကြသည်။
အများစုလားဆိုပြန်တော့ တစ်ချို့တစ်လေသာဖြစ်ကြသည်။ အချို့သော ဥပဒေပညာရှင်သည် တောက်မယ်မီးခဲ တရဲရဲပမာ ပညာစုံလှသည်။ တရားမျှတရေးအတွက် ဆုံးဖြတ်ရဲလှသည်။ မြန်မာပြည်အောက်ပိုင်း ကြားစခန်းအဖြစ်စည်ကားလှသော နယ်မြို့လေးတစ်မြို့တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားသည်ကို ကြုံတွေ့ဖူးပါသည်။ ထိုစဉ်က အမှုလက်ခံသည့် တရားသူကြီးသည် အသက်အားဖြင့်များစွာငယ်ရွယ်သည်။ တရားရုံးရှေ့ တဲထိုးရောင်းနေသော မနက်စာရောင်းသည့် ဆိုင်တွင်ထိုင်၍ ၎င်းတရားသူကြီးအား အကဲခတ်ရသည်။ တရားခွင်မတက်မီရုံးပတ်ကြည့်သည်။ အစုစု ထိုင်နေကြသော အမှုသည်များအား ဘာအမှုအတွက်လာတာလဲ ၊ ဘာဖြစ်တာလဲ ကိုယ်တိုင်မေးသည်။ လူစုံနေသောအမှု ၊ ရုံးရှေ့အသင့်ဖြစ်နေသော အမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ရုံးထုတ်ရန်ပြောခိုင်းသည် ၊ မနတ်စာ စားနေစဉ်အတွင်းအမှု (၃) မှုရုံးထိုင်ပြီးသည် ထို (၃) မှုထဲတွင် အမိန့်ချသည်က (၁) မှုပါလေသည်။ အမိန့်ချခံရသည့်တရားခံသည်လည်း ကတောက်ကဆမဖြစ် တရားသူကြီးရှေ့မှ ရိုကျိုးစွာပင် အပြစ်ကိုခံယူသွားသည်။
မိမိတို့လည်း ထိုတရားသူကြီးအား ရန်ကုန်မြို့မှ လာရောက်သည်ဖြစ်ပါကြောင်း ယာဉ်မတော်တဆမှုတွင် ကားအား ပြန်လည်ထုတ်ယူလိုပါကြောင်း အကူညီတောင်းခံရာ ရုံးရှေ့ကားယူလာရန်ပင် မလိုဘဲ နုတ်မိန့်ဖြင့်ပင် ကားအားပြန်ယူသွားနိုင်ကြောင်း ဖြစ်သမျှ ကျွန်တော် တာဝန်ယူကြောင်း ရဲကိုယခုပင်လှမ်းပြောထားမည်ဖြစ်ကြောင်း၊ ငွေကြေးတစ်စုံတစ်ရာပေးရန် မလိုကြောင်း၊ အခက်ခဲရှိက အချိန်မရွှေးလာ ပြောရန် ဖြစ်ကြောင်း ပြောသဖြင့် ရဲထံမှ ကားကို အလွယ်တကူပင်ထုတ်၍ ရသွားပါသည်။
ထိုမျှနှင့်အဆင်ပြေပြီဖြစ်သော်လည်းရုံးတိုင်းတွင် ဆွမ်းဆန်ထဲ ကြွက်ချေးရော ၊ အများနဲ့မတူ တမူထူးသည် စိန်မျောက်မျောက်တော့ရှိမြဲဖြစ်သည်။ တရားရုံးမှ အမှုတွဲအား ပြန်ယူခိုင်းသည်။ ၎င်းတာဝန်ယူရသည် ရုံးစာတွင် “ တရားရုံးသို့ သက်သေခံပစ္စည်းမော်တော်ယာဉ်အား တင်ပြနိုင်ခြင်းမရှိပါ” ဟုမှတ်ချက်အား ရေးပြသည်။ လူတွေအား အသုံးမကျသည့် ၎င်း၏ အောက်လက်ငယ်သားပမာ အမျိုးမျိုး အဖုံဖုံ မည်တွန်တောက်တီးပြောသည်။ မည်သို့ပင်ဖြစ်စေ အချိန်တန်အာညောင်း ပါးစပ်တော့ ပိတ်ရမြဲဖြစ်သည်။ ၎င်း၏ ဝေဒနာ ၎င်းပဲခံစားရမည်သာဖြစ်သည်။ မိမိတို့အဖွဲ့ ရန်ကုန်အပြန် နောက်ကျသည်သာရှိသည် အရာအားလုံးချောမွေ့ခဲ့လေသည်။
ထိုကြောင့် ယာဉ်မတော်တဆမှုများတွင် မလိုလားအပ်ပဲ အခင်းဖြစ် ယာဉ်ကို ကာလရှည်ကြာစွာ မထိန်းသိမ်းထားသင့်ပါ။ အမှုသည်များအနေဖြင့် အချိန်ကုန် လူပန်းဖြစ်မည်ကို စိုးရိမ်နေ၍သာ သက်ဆိုင်ရာ အဆင်ပြေအောင်ပေါင်းပြောနေရသည်။ တောက်မယ်မီးခဲ တရဲရဲပမာ ပညာစုံလှသည့် ဥပဒေပညာရှင်များသာ ပေါ်ထွန်းစေချင်ပါသည်။
လေးစားမှုဖြင့်