24/07/2026
ကဏ္ဍအလိုက် ဘောဂဗေဒ(၂)
ဆန်စပါး၏ ဘောဂဗေဒ
အောင်ထူး
ကမ္ဘာ့ဆန် စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၃ခုနှစ်တွင် တန်ချိန် သန်း (၈၀၀) နီးပါးသို့ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ ဆန်ထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့က ဦးဆောင်နေပြီး ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ (၉၀) ရာခိုင် နှုန်းကို အာရှဒေသတွင် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
ဆန်စပါးသီးနှံသည် ကြံနှင့် ပြောင်းထုတ်လုပ်မှုပြီး လျှင် ကမ္ဘာတစ်ဝှမ်းစိုက်ပျိုးထုတ်လုပ်ကြသည်သီးနှံများတွင် တတိယအများဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက် ဝက်ကျော်၏ အဓိကစားသုံးကြသည့် သီးနှံဖြစ်ပါသည်။ ဆန်စပါးကို တရုတ် နှင့် အိန္ဒိယ အပြင် ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယား၊ ဂျပန် နှင့် မြန်မာနိုင်ငံတို့တွင် စိုက်ပျိုးကြပါသည်။ ၂၀၂၂ခုနှစ်အတွက် ပျမ်းမျှ ဆန်စပါးအထွက်မှာ တစ်ဟက် တာလျှင် ၄.၇ မက်ထရစ်တန်ခန့်ရှိပြီး စပ်မျိုးနှင့် အဆင့်မြင့်စူးစိုက် စိုက်ပျိုးမှုနည်းလမ်း( the System of Rice Intensification (SRI)များတွင် တစ်ဟက်တာလျှင် ၁၇.၁ မက်ထရစ်တန်မျှအထိ ထွက်ရှိသည်ကို တွေ့ရှိရပါသည်။
စပါးတစ်ဟက်တာ ပျမ်းမျှထွက်ရှိမှု (Per Hectare Yield)
ဆန်စပါးအဓိထုတ်လုပ်သည့် နိုင်ငံများတွင် ရေသွင်းစိုက်ပျိုးမှု၊ မြေယာပိုင်ဆိုင်မှုမူဝါဒ၊ အထွက်တိုးစပါးများ စိုက်ပျိုးမှုအပေါ်မူတည်၍ မြေတစ်ဟက်တာ(၂.၄၇၁၀၅၃၈၁ ဧက)၏ အထွက်နှုန်းမှာ ကွာခြားမှုရှိပြီး ပျမ်းမျှ အထွက်နှုန်းမှာ ရေတော်မိုးတော်စိုက်ပျိုးမှုတွင် တစ်ဟက်တာ ၃ တန်ကျော်မှ စူးစိုက် စိုက်ပျိုးမှုရှိသည့် မြစ်ဝ ကျွန်း ပေါ်ဒေသများတွင် တစ်ဟက်တာလျှင် ၆ တန်ကျော်အထိ ထွက်ရှိနိုင်ပါသည်။ ဆန်စပါးအဓိက ထုတ်လုပ် တင်ပို့သည့် နိုင်ငံများတွင် အထွက်နှုန်းကို ပူးတွဲပါဇယား -၁ အတိုင်းတွေ့ရှိရပါသည်-
နိုင်ငံအလိုက် ဆန်စပါးတင်ပို့ရောင်းချမှုအခြေအနေ
၂၀၂၄-၂၅ခုနှစ်တွင် တန်ဖိုးအလိုက် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄.၁၇ ဘီလီယံရရှိပါသည်။ ဒုတိယအများဆုံးမှ ထိုင်းနိုင်ငံ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၆.၆၉ ဘီလီယံ ရရှိပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၆၄ ဘီလီယံ၊ ပါကစ္စတန်နိုင်ငံ အနေဖြင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ၊ မြန်မာနိုင်ငံ အနေဖြင့် ဆန်တင် ပို့မှု မှ ၂၀၂၄-၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁. ၂၉ ဘီလီယံခန့် ရရှိပါသည်။
ဆန်စပါးစိုက်ပျိုးမှု၏ အကျိုးအမြတ် နှင့် ကုန်ကျစရိတ်အချိုး (Benefit-Cost Ratio)
အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစရိတ်အချိုးမှာ ၁.၂ မှ ၂.၁ အကြားတွင် ရှိပါသည်။ မြေသြဇာထည့်သွင်းမှုနည်းစနစ် ပိုမိုကောင်း မွန်ခြင်းနှင့် ရေသွင်းစိုက်ပျိုးမှုအခြေအနေကောင်းမွန်မှုကြောင့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုးမြင့်မားလေ့ရှိပါသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစရိတ်
အချိုးမှာ ၁.၇ မှ ၂.၇ အကြားတွင်ရှိပါသည်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစိတ်အချိုးမှာ ၁.၃ မှ ၂.၅ အကြားတွင် ရှိပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးစိုက်ပျိုးမှုကဏ္ဍသည် စွမ်းဆောင်ရည်မြင့်မားမှုရှိသော်လည်း မဲခေါင်မြစ် ဝှမ်း၊ မြစ်နီမြစ်ဝှမ်းနှင့် ကုန်းမြင့်ဒေသများအကြားတွင် အထွက်နှုန်းသိသာစွာကွာခြားပါသည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးမှုတွင် အကျိုးအမြတ် နှင့် ကုန်ကျစရိတ် အချိုးမှာ ၁.၃ မှ ၂.၄ အကြားတွင် ရှိပါသည်။ ဒေသအလိုက်အထွက်နှုန်းကွာခြားမှုကြီးမားပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် အထွက်မြင့်မား၍ ကုန်းမြင့်ဒေသနှင့် ခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တစ်ဧကအထွက်နှုန်း နည်းပါးပါသည်။
မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်မှု
မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကကိုကည့်ပါက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးရာသီတွင် ဧက(၁၅) သန်းစိုက်ပျိုးပြီး နွေရာသီတွင် ဧက ၂.၇ သန်းစိုက်ပျိုးပါသည်။ အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ဧက အများဆုံးနိုင်ငံဖြစ်ပါသည်။ ပြည်နယ်တိုင်း ဒေသကြီးများ အလိုက်ကြည့်ပါက ဧရာဝတီတိုင်းသည် စိုက်ဧကအများဆုံးဖြစ်ပြီး ဧက ၃.၇၆ သန်းရှိပါသည်။ ပဲခူးတိုင်းသည် ဒုတိယစိုက်ဧကအများဆုံးအဖြစ် ဧက (၂.၇)သန်းခန့်ရှိပြီး အထွက်နှုန်းအမြင့်မားဆုံးတိုင်း ဒေသကြီး ဖြစ်ပြီး တစ်ဧက ပျမ်းမျှ (၈၉) တင်းမျှ ထွက်ရှိပါသည်။ တတိယ စိုက်ဧက အများဆုံးမှာ မြန်မာ နိုင်ငံ၏ဗဟိုဒေသအပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်းဖြစ်ပြီး စိုက်ဧက (၁.၈) သန်းမျှရှိပါသည်။ စပါးစိုက်ပျိုးမှု အနေဖြင့် ရေတော်မိုးတော်စိုက်ပျိုးမှု ၆၈ ရာခိုင်နှုန်း၊ ရေကြီးကွင်း ၉ ရာခိုင်နှုန်း၊ ရေနက်ကွင်း ၅ ရာခိုင်နှုန်း၊ သဲဆန်ကုန်းကြော ၁၂ ရာခိုင်နှုန်း၊ တောင်ယာ ၃ ရာခိုင်နှုန်း၊ ပင်လယ်ရေငန်ဝင် ၁ ရာခိုင်နှုန်း နှင့် အခြား ၂ ရာခိုင်နှုန်း တို့ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် ဆန်စားသုံးမှုပုံစံ
မြန်မာနိုင်ငံတွင် စပါးကို ကောက်လျင်၊ ကောက်လတ် နှင့် ကောက်ကြီးစပါးဟု စိုက်ပျိုးသည့် သက်တမ်းအပေါ်မူတည်၍ ခွဲခြားပါသည်။ ကောက်လျင်မှာ စိုက်ရက် ၁၅၀ အောက်ရှိပြီး၊ ကောက်လတ်မှာ ၁၅၀မှ ၁၇၀ ရက်အကြားတွင်ရှိသည်။ စိုက်ရက် ၁၇၀ ကျော်သောစပါးမျိုးကို ကောက်ကြီးစပါးဟု ခေါ်ဆိုကြသည်။
ဆန် ဖြစ်လာသောအခါ ဆန်ချော နှင့် ဆန်ကြမ်းဟု ခေါ်ဆိုပြီး ဆန်ချောတွင် မီးဒုံးအုပ်စုဝင် ငကျွဲ၊ မီးဒုံးမွှေး၊ ပေါ်ဆန်းမွှေးတို့ပါဝင်ကြသည်။ မီးဒုံးအုပ်စုဆန်များကို အဓိကအားဖြင့် ပြည်တွင်းစားသုံးရန် စိုက်ပျိုးကြပြီး၊ ကမ္ဘာ့ရှေ့ဖျား နိုင်ငံများသို့ အချို့အဝက် တင်ပို့ပါသည်။
ဆန်ကြမ်းတွင် ဧည့်မထအုပ်စု၊ လက်ရွေးစင်အုပ်စု နှင့် ငစိန်အုပ်စု တို့ပါဝင်ပြီး ဧည့်မထအုပ်စုတွင် ပြည်ခရိုင်၌စိုက်ပျိုးသော အရည်အသွေးကောင်းမွန်သည့် ပင်ထောင်ဧည့်မထ၊ ပင်တိုလေးဧည့်မထ၊ ရခိုင်ပြည်နယ် တွင်စိုက်ပျိုးသော ချီဒူးပါး နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ပျိုးသော ရဟိုင်းဆန်တို့ပါဝင်ပြီး ထိုင်းနိုင်ငံတွင် စိုက်ပျိုးနေသော ဆန်ဖြူ (Garden Siam Rice) မျိုးတို့၏ အရည်အသွေးကို မှီပါသည်။
လက်ရွေးစင်အုပ်စုတွင် အညာဒေသတွင်စိုက်ပျိုးသော ငယွန်းဝါ၊ တောင်ထိပ်ပန်း၊ ရွှေအပ် နှင့် ရွှေဘိုခွန်နီ အောက်မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မောင်ညို၊ နှံကားတို့ပါဝင်သည်။ ငစိန်အုပ်စုတွင် ပဲခူးနှင့် ဧရာဝတီတိုင်းတွင် စိုက်ပျိုးသည့် ခဲစပါး၊ မှော်ဘီငစိန်၊ စိန်ကြီး၊ ရွှေခြေကျင်း၊ ငကျောက်ကြီး၊ ရှမ်းငြိမ်းတို့ပါဝင်သည်။ ယင်းဆန်များကို တင်ပို့ရာတွင် ဆန်ဝယ်ယူသောနိုင်ငံများတွင် “မြန်မာဆန်”(Burma Rice)ဟုအသိများကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပစျေးကွက်ရှာဖွေရာတွင် ဆန်မွှေး တစ်နည်း ဆန်ချောများ ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန် နှင့် ထိုင်းနိုင်ငံ ဟုန်မာလီ နှင့် စပါယ်ဆန်များကဲ့သို့ပင် မီးဒုံးအုပ်စုဝင် ငကျွဲ၊ မီးဒုံး နှင့် ပေါ်ဆန်းမွှေးတို့ကို ဆန်မွှေးအဖြစ် ၁၀၀ ရာခိုင်နှုန်း ဆန်သားဖြင့် လက်လီအိတ်များသွတ်၍ စျေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်သင့်ပါသည်။ သို့မှသာ မြန်မာဆန်မွှေး (Myanmar Fragrant Rice)အဖြစ် နာမည်ရလာမည် ဖြစ်ပါသည်။
ဧည့်မထ၊ လက်ရွေးစင် နှင့် ငစိန်ဆန်တို့ကို တင်ပို့ရာတွင် ၅ရာခိုင်နှုန်း ဆန်ကျိုး သိုမဟုတ် ၁၀၀ ရာခိုင်နှုန်း ဆန်သားဖြစ်သည့် ဧည့်မထ၊ လက်ရွေးစင်ဆန်များကို မြန်မာဆန်ဖြူ(Myanmar White Rice)အဖြစ် တင်ပို့ခြင်းဖြင့် မြန်မာဆန်ဖြူသည် ကမ္ဘာ့စျေးကွက်တွင် နေရာရလာမည်ဖြစ်သည်။
ငစိန်ဆန် နှင့် ဆန်ကွဲများကို အရက်ချက်ရာ(အထူးသဖြင့် ဥရောပနိုင်ငံများ) တွင်လည်းကောင်း၊ မုန့်လုပ်(အထူးသဖြင့် တရုတ်နိုင်ငံ) ရာတွင်လည်းကောင်းအသုံးချလျက်ရှိရာ ၄င်းတို့ကို လက်ရှိတင်ပို့နေကျအတိုင်း အိတ်ကြီးများဖြင့် လည်းကောင်း၊ သင်းဘောဝမ်းလောင်းစနစ်ဖြင့်လည်းကောင်း တင်ပို့နိုင်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၂၇.၉ သန်းထုတ်လုပ်ပြီး တန်ချိန် ၃သန်းနီးပါးကို ပြည်ပသို့တင်ပို့ပါသည်။ ပြည်တွင်းစားသုံးမှုမှာ ၂၀၀၁ခုနှစ် စစ်တမ်းများအရ မြို့ပြဒေသတွင် လူတစ်ဦးပျမ်းမျှ တစ်နှစ်စားသုံးမှု ၁၂၈ ကီလိုဂရမ် နှင့် ကျေးလက်ဒေတွင် ၁၆၀ ကီလိုဂရမ် ဖြစ်ကြပါသည်။ ၂၀၂၄ခုနှစ် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ဧည့်မထ/ငစိန်အုပ်စုဝင်ဖြစ်သော ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်းစသည့် ဆန်ကြမ်းများကို အဓိက တင်ပို့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၇၄ သန်းကျော်တင်ပို့ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ဆန်စပါးထုတ်လုပ် တင်ပို့ရောင်းချစားသုံးမှုပုံစံကို လေ့လာရာတွင် ထူးခြားသည့် အချက်မှာ ဆန်ချောကို ပြည်တွင်းတွင် ဦးစားပေးစားသုံးပြီး ဆန်ကြမ်းကို ပြည်ပသို့ တင်ပို့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အကြမ်းဖျင်းသုံးသပ်ချက်
၁။ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဆန်စပါး အများဆုံထုတ်လုပ်သောနိုင်ငံဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ ဆန်စပါးတင်ပို့မှုကို မြှင့်တင်နိုင်သည့် အလားအလာများစွာရှိပါသည်။
(Myanmar Economic Association page မှ ကူးယူဖေါ်ပြပါသည်)
၂။ ဆန်တစ်ဟက်တာအထွက်နှုန်းသည် အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျလျက်ရှိရာ တစ်ဟက်တာအထွက်နှုန်းတိုးမြှင့် နိုင်ရန် အလားအလာများစွာရှိပါသည်။
၃။ မြန်မာ့ဆန်ကို လူသိများလာစေရန် မြန်မာဆန်မွှေး(Myanmar Fragrant Rice )အဖြစ်လည်းကောင်း၊ မြန်မာဆန်ဖြူ(Myanmar White Rice)အဖြစ်လည်းကောင်း စားသုံးသူများအသင့်စားသုံးနိုင်သည့် consumers’ packs များဖြင့် ဆန်ကျိူး ၅ ရာခိုင်နှုန်း သို့မဟုတ် ဆန်ကျိုးမပါသည် ၁၀၀ ရာခိုင်နှုန်း ဆန်များဖြင့် စျေးကွက်ထိုးဖောက် တင်ပို့ရောင်းချနိုင်ရေး ဦးတည်ကြိုး ပမ်းသင့်ပါသည်။
၄။ ဆန်ပို့ကုန်တိုးမြှင့်မှုတွင် ပို့ကုန်ဆန်စပါးများအတွက် အလားအလာကောင်းသည့် ဒေသများကို လက်ရှိ ဆောင်ရွက်နေသည့် ပို့ကုန်ဦးတည်သည့် ဆန်စပါး စိုက်ပျိုးရေးဇုန်များအတိုင်း တိုးမြှင့် ဆောင်ရွက်သင့်ပါသည်။
၅။ တောင်သူလယ်သမားများအတွက် ချေးငွေပိုမို ရရှိနိုင်ရေးအတွက် သီးနှံသိုလှောင်မှုစာရွက်စနစ်(rice receipt scheme)ကိုလည်း ပိုမိုတိုးချဲ့ ဆောင်ရွက်သင့်ပါသည်။
၆။ ပြည်ပသို့ စုစည်းတင်ပို့နိုင်ရန် အလွန်ကြီးမားသည့် တစ်နှစ်လျှင် တန်ချိန် ၂ သန်းခန့်ကြိတ်ခွဲနိုင်သည့် အဆင့်မြင့် ဆန်ကြိတ်ခွဲ၊ ပြုပြင် ထုတ်ပိုးသည့် ဆန်စက်တစ်ခုစီကို အထက်မြန်မာပြည် နှင့် အောက်မြန်မာ နိုင်ငံတို့တွင် ထူထောင်နိုင်ရေးကို စီမံဆောင်ရွက်သင့်ပါသည်။ ယင်းစက်များတွင် မြန်မာတစ်နိုင်ငံလုံးမှ ပြည်ပတင်ပို့ရန် အကြမ်းကြိတ်ခွဲထားသည့် ဆန်များကို ပို့ကုန်ဆန်အဖြစ် ဆင့်တက်ပြုပြင်ပြီး အိတ်သွင်း၍ တိုက်ရိုက်သင်းဘောတင် တင်ပို့ရန် ဖြစ်ပါသည်။ (လက်ရှိတွင် ထိုင်းနိုင်ငံ၊ စီပီ ကုမ္ပဏီသည် အယုဒ္ဓယမြို့တွင် တန်ချိန် ၂.၁ သန်းခန့် ကြိတ်ခွဲ၊ ပြုပြင်၊ ထုတ်ပိုးနိုင်သည့် ဆန်စက်တစ်ခုကို ထူထောင်ထားရှိပြီး ပြည်ပအမှာစာများကို ပြည်တွင်း milled-on-demand စက်များက အကြမ်းကြိတ်ခွဲသည့် ဆန်ကြမ်းများကို ပြုပြင်၍ တိုက်ရိုက်တင်ပို့ပါသည်။)
၇။ တစ်ချိန်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့စဥ်က ပြည်ပမှ လယ်ယာလုပ်သားများရရှိခဲ့ပြီး အိန္ဒိယမှ ငွေချေးငွေငှားသူများထံမှာ ချေးငွေကို ရရှိခဲ့ခါ စူးအက်တူးမြောင်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဝယ်လိုအားများခဲ့ပါသည်။ မြန်မာဆန်စပါးပို့ကုန်များတိုးချဲ့တင်ပို့နိုင်ရေးတွင် စျေးကွက်ရရှိရေး၊ ခေတ်မှီ ကြိတ်ခွဲမှု နှင့် ထုတ်ပိုးမှုစွမ်းရည်များ ရရှိရေး၊ ချေးငွေရရှိရေး၊ မျိုး နှင့် စိုက်ပျိုး နည်းပညာရရှိရေး နှင့် စက်ယန္တရားများတိုးချဲ့သုံးစွဲနိုင်ရေးတို့ကို ဦးစားပေး လုပ်ငန်းများအဖြစ် ဆောင်ရွက်ရန်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
မှီငြမ်း။
(၁) မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအခြေခံ အချက်များနှင့် ပတ်သက်၍ ဒေါက်တာထွန်းဆိုင်၊ ကျော်မြင့်နှင့် အုန်းကျော်တို့၏စာတမ်းများကို အခြေခံပါသည်။
(၂) မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုအချက်အလက်နှင့် သုတေသနဌာနခွဲမှ နေ့စဥ်နှင့် လစဥ်သတင်းလွှာများ
(၃) အင်တာနက်၊ အေအိုင်၊ co-pilot မှ အချက်အလက်များ။