Radanar Ayar Association - RDA

Radanar Ayar Association - RDA Radanar Ayar Rural Development Association is Myanmar Not-for-Profit Association working on the ground for the rural development and emergency aid.

24/07/2026

ကဏ္ဍအလိုက် ဘောဂဗေဒ(၂)
ဆန်စပါး၏ ဘောဂဗေဒ
အောင်ထူး
ကမ္ဘာ့ဆန် စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၃ခုနှစ်တွင် တန်ချိန် သန်း (၈၀၀) နီးပါးသို့ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ ဆန်ထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့က ဦးဆောင်နေပြီး ကမ္ဘာ့ဆန်ထုတ်လုပ်မှု၏ (၉၀) ရာခိုင် နှုန်းကို အာရှဒေသတွင် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
ဆန်စပါးသီးနှံသည် ကြံနှင့် ပြောင်းထုတ်လုပ်မှုပြီး လျှင် ကမ္ဘာတစ်ဝှမ်းစိုက်ပျိုးထုတ်လုပ်ကြသည်သီးနှံများတွင် တတိယအများဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက် ဝက်ကျော်၏ အဓိကစားသုံးကြသည့် သီးနှံဖြစ်ပါသည်။ ဆန်စပါးကို တရုတ် နှင့် အိန္ဒိယ အပြင် ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယား၊ ဂျပန် နှင့် မြန်မာနိုင်ငံတို့တွင် စိုက်ပျိုးကြပါသည်။ ၂၀၂၂ခုနှစ်အတွက် ပျမ်းမျှ ဆန်စပါးအထွက်မှာ တစ်ဟက် တာလျှင် ၄.၇ မက်ထရစ်တန်ခန့်ရှိပြီး စပ်မျိုးနှင့် အဆင့်မြင့်စူးစိုက် စိုက်ပျိုးမှုနည်းလမ်း( the System of Rice Intensification (SRI)များတွင် တစ်ဟက်တာလျှင် ၁၇.၁ မက်ထရစ်တန်မျှအထိ ထွက်ရှိသည်ကို တွေ့ရှိရပါသည်။
စပါးတစ်ဟက်တာ ပျမ်းမျှထွက်ရှိမှု (Per Hectare Yield)
ဆန်စပါးအဓိထုတ်လုပ်သည့် နိုင်ငံများတွင် ရေသွင်းစိုက်ပျိုးမှု၊ မြေယာပိုင်ဆိုင်မှုမူဝါဒ၊ အထွက်တိုးစပါးများ စိုက်ပျိုးမှုအပေါ်မူတည်၍ မြေတစ်ဟက်တာ(၂.၄၇၁၀၅၃၈၁ ဧက)၏ အထွက်နှုန်းမှာ ကွာခြားမှုရှိပြီး ပျမ်းမျှ အထွက်နှုန်းမှာ ရေတော်မိုးတော်စိုက်ပျိုးမှုတွင် တစ်ဟက်တာ ၃ တန်ကျော်မှ စူးစိုက် စိုက်ပျိုးမှုရှိသည့် မြစ်ဝ ကျွန်း‌ ပေါ်ဒေသများတွင် တစ်ဟက်တာလျှင် ၆ တန်ကျော်အထိ ထွက်ရှိနိုင်ပါသည်။ ဆန်စပါးအဓိက ထုတ်လုပ် တင်ပို့သည့် နိုင်ငံများတွင် အထွက်နှုန်းကို ပူးတွဲပါဇယား -၁ အတိုင်းတွေ့ရှိရပါသည်-
နိုင်ငံအလိုက် ဆန်စပါးတင်ပို့ရောင်းချမှုအခြေအနေ
၂၀၂၄-၂၅ခုနှစ်တွင် တန်ဖိုးအလိုက် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄.၁၇ ဘီလီယံရရှိပါသည်။ ဒုတိယအများဆုံးမှ ထိုင်းနိုင်ငံ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၆.၆၉ ဘီလီယံ ရရှိပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၆၄ ဘီလီယံ၊ ပါကစ္စတန်နိုင်ငံ အနေဖြင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ၊ မြန်မာနိုင်ငံ အနေဖြင့် ဆန်တင် ပို့မှု မှ ၂၀၂၄-၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁. ၂၉ ဘီလီယံခန့် ရရှိပါသည်။
ဆန်စပါးစိုက်ပျိုးမှု၏ အကျိုးအမြတ် နှင့် ကုန်ကျစရိတ်အချိုး (Benefit-Cost Ratio)
အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစရိတ်အချိုးမှာ ၁.၂ မှ ၂.၁ အကြားတွင် ရှိပါသည်။ မြေသြဇာထည့်သွင်းမှုနည်းစနစ် ပိုမိုကောင်း မွန်ခြင်းနှင့် ရေသွင်းစိုက်ပျိုးမှုအခြေအနေကောင်းမွန်မှုကြောင့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုးမြင့်မားလေ့ရှိပါသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစရိတ်
အချိုးမှာ ၁.၇ မှ ၂.၇ အကြားတွင်ရှိပါသည်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးမှုအတွက် အကျိုးအမြတ် နှင့် ကုန်ကျစိတ်အချိုးမှာ ၁.၃ မှ ၂.၅ အကြားတွင် ရှိပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးစိုက်ပျိုးမှုကဏ္ဍသည် စွမ်းဆောင်ရည်မြင့်မားမှုရှိသော်လည်း မဲခေါင်မြစ် ဝှမ်း၊ မြစ်နီမြစ်ဝှမ်းနှင့် ကုန်းမြင့်ဒေသများအကြားတွင် အထွက်နှုန်းသိသာစွာကွာခြားပါသည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးမှုတွင် အကျိုးအမြတ် နှင့် ကုန်ကျစရိတ် အချိုးမှာ ၁.၃ မှ ၂.၄ အကြားတွင် ရှိပါသည်။ ဒေသအလိုက်အထွက်နှုန်းကွာခြားမှုကြီးမားပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် အထွက်မြင့်မား၍ ကုန်းမြင့်ဒေသနှင့် ခြောက်သွေ့သော မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တစ်ဧကအထွက်နှုန်း နည်းပါးပါသည်။
မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်မှု
မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကကိုကည့်ပါက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးရာသီတွင် ဧက(၁၅) သန်းစိုက်ပျိုးပြီး နွေရာသီတွင် ဧက ၂.၇ သန်းစိုက်ပျိုးပါသည်။ အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ဧက အများဆုံးနိုင်ငံဖြစ်ပါသည်။ ပြည်နယ်တိုင်း ဒေသကြီးများ အလိုက်ကြည့်ပါက ဧရာဝတီတိုင်းသည် စိုက်ဧကအများဆုံးဖြစ်ပြီး ဧက ၃.၇၆ သန်းရှိပါသည်။ ပဲခူးတိုင်းသည် ဒုတိယစိုက်ဧကအများဆုံးအဖြစ် ဧက (၂.၇)သန်းခန့်ရှိပြီး အထွက်နှုန်းအမြင့်မားဆုံးတိုင်း ဒေသကြီး ဖြစ်ပြီး တစ်ဧက ပျမ်းမျှ (၈၉) တင်းမျှ ထွက်ရှိပါသည်။ တတိယ စိုက်ဧက အများဆုံးမှာ မြန်မာ နိုင်ငံ၏ဗဟိုဒေသအပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်းဖြစ်ပြီး စိုက်ဧက (၁.၈) သန်းမျှရှိပါသည်။ စပါးစိုက်ပျိုးမှု အနေဖြင့် ရေတော်မိုးတော်စိုက်ပျိုးမှု ၆၈ ရာခိုင်နှုန်း၊ ရေကြီးကွင်း ၉ ရာခိုင်နှုန်း၊ ရေနက်ကွင်း ၅ ရာခိုင်နှုန်း၊ သဲဆန်ကုန်းကြော ၁၂ ရာခိုင်နှုန်း၊ တောင်ယာ ၃ ရာခိုင်နှုန်း၊ ပင်လယ်ရေငန်ဝင် ၁ ရာခိုင်နှုန်း နှင့် အခြား ၂ ရာခိုင်နှုန်း တို့ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် ဆန်စားသုံးမှုပုံစံ
မြန်မာနိုင်ငံတွင် စပါးကို ကောက်လျင်၊ ကောက်လတ် နှင့် ကောက်ကြီးစပါးဟု စိုက်ပျိုးသည့် သက်တမ်းအပေါ်မူတည်၍ ခွဲခြားပါသည်။ ကောက်လျင်မှာ စိုက်ရက် ၁၅၀ အောက်ရှိပြီး၊ ကောက်လတ်မှာ ၁၅၀မှ ၁၇၀ ရက်အကြားတွင်ရှိသည်။ စိုက်ရက် ၁၇၀ ကျော်သောစပါးမျိုးကို ကောက်ကြီးစပါးဟု ခေါ်ဆိုကြသည်။
ဆန် ဖြစ်လာသောအခါ ဆန်ချော နှင့် ဆန်ကြမ်းဟု ခေါ်ဆိုပြီး ဆန်ချောတွင် မီးဒုံးအုပ်စုဝင် ငကျွဲ၊ မီးဒုံးမွှေး၊ ပေါ်ဆန်းမွှေးတို့ပါဝင်ကြသည်။ မီးဒုံးအုပ်စုဆန်များကို အဓိကအားဖြင့် ပြည်တွင်းစားသုံးရန် စိုက်ပျိုးကြပြီး၊ ကမ္ဘာ့ရှေ့ဖျား နိုင်ငံများသို့ အချို့အဝက် တင်ပို့ပါသည်။
ဆန်ကြမ်းတွင် ဧည့်မထအုပ်စု၊ လက်ရွေးစင်အုပ်စု နှင့် ငစိန်အုပ်စု တို့ပါဝင်ပြီး ဧည့်မထအုပ်စုတွင် ပြည်ခရိုင်၌စိုက်ပျိုးသော အရည်အသွေးကောင်းမွန်သည့် ပင်ထောင်ဧည့်မထ၊ ပင်တိုလေးဧည့်မထ၊ ရခိုင်ပြည်နယ် တွင်စိုက်ပျိုးသော ချီဒူးပါး နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ပျိုးသော ရဟိုင်းဆန်တို့ပါဝင်ပြီး ထိုင်းနိုင်ငံတွင် စိုက်ပျိုးနေသော ဆန်ဖြူ (Garden Siam Rice) မျိုးတို့၏ အရည်အသွေးကို မှီပါသည်။
လက်ရွေးစင်အုပ်စုတွင် အညာဒေသတွင်စိုက်ပျိုးသော ငယွန်းဝါ၊ တောင်ထိပ်ပန်း၊ ရွှေအပ် နှင့် ရွှေဘိုခွန်နီ အောက်မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မောင်ညို၊ နှံကားတို့ပါဝင်သည်။ ငစိန်အုပ်စုတွင် ပဲခူးနှင့် ဧရာဝတီတိုင်းတွင် စိုက်ပျိုးသည့် ခဲစပါး၊ မှော်ဘီငစိန်၊ စိန်ကြီး၊ ရွှေခြေကျင်း၊ ငကျောက်ကြီး၊ ရှမ်းငြိမ်းတို့ပါဝင်သည်။ ယင်းဆန်များကို တင်ပို့ရာတွင် ဆန်ဝယ်ယူသောနိုင်ငံများတွင် “မြန်မာဆန်”(Burma Rice)ဟုအသိများကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပစျေးကွက်ရှာဖွေရာတွင် ဆန်မွှေး တစ်နည်း ဆန်ချောများ ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန် နှင့် ထိုင်းနိုင်ငံ ဟုန်မာလီ နှင့် စပါယ်ဆန်များကဲ့သို့ပင် မီးဒုံးအုပ်စုဝင် ငကျွဲ၊ မီးဒုံး နှင့် ပေါ်ဆန်းမွှေးတို့ကို ဆန်မွှေးအဖြစ် ၁၀၀ ရာခိုင်နှုန်း ဆန်သားဖြင့် လက်လီအိတ်များသွတ်၍ စျေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်သင့်ပါသည်။ သို့မှသာ မြန်မာဆန်မွှေး (Myanmar Fragrant Rice)အဖြစ် နာမည်ရလာမည် ဖြစ်ပါသည်။
ဧည့်မထ၊ လက်ရွေးစင် နှင့် ငစိန်ဆန်တို့ကို တင်ပို့ရာတွင် ၅ရာခိုင်နှုန်း ဆန်ကျိုး သိုမဟုတ် ၁၀၀ ရာခိုင်နှုန်း ဆန်သားဖြစ်သည့် ဧည့်မထ၊ လက်ရွေးစင်ဆန်များကို မြန်မာဆန်ဖြူ(Myanmar White Rice)အဖြစ် တင်ပို့ခြင်းဖြင့် မြန်မာဆန်ဖြူသည် ကမ္ဘာ့စျေးကွက်တွင် နေရာရလာမည်ဖြစ်သည်။
ငစိန်ဆန် နှင့် ဆန်ကွဲများကို အရက်ချက်ရာ(အထူးသဖြင့် ဥ‌ရောပနိုင်ငံများ) တွင်လည်းကောင်း၊ မုန့်လုပ်(အထူးသဖြင့် တရုတ်နိုင်ငံ) ရာတွင်လည်းကောင်းအသုံးချလျက်ရှိရာ ၄င်းတို့ကို လက်ရှိတင်ပို့နေကျအတိုင်း အိတ်ကြီးများဖြင့် လည်းကောင်း၊ သင်းဘောဝမ်းလောင်းစနစ်ဖြင့်လည်းကောင်း တင်ပို့နိုင်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၂၇.၉ သန်းထုတ်လုပ်ပြီး တန်ချိန် ၃သန်းနီးပါးကို ပြည်ပသို့တင်ပို့ပါသည်။ ပြည်တွင်းစားသုံးမှုမှာ ၂၀၀၁ခုနှစ် စစ်တမ်းများအရ မြို့ပြဒေသတွင် လူတစ်ဦးပျမ်းမျှ တစ်နှစ်စားသုံးမှု ၁၂၈ ကီလိုဂရမ် နှင့် ကျေးလက်ဒေတွင် ၁၆၀ ကီလိုဂရမ် ဖြစ်ကြပါသည်။ ၂၀၂၄ခုနှစ် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ဧည့်မထ/ငစိန်အုပ်စုဝင်ဖြစ်သော ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်းစသည့် ဆန်ကြမ်းများကို အဓိက တင်ပို့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၇၄ သန်းကျော်တင်ပို့ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ဆန်စပါးထုတ်လုပ် တင်ပို့ရောင်းချစားသုံးမှုပုံစံကို လေ့လာရာတွင် ထူးခြားသည့် အချက်မှာ ဆန်ချောကို ပြည်တွင်းတွင် ဦးစားပေးစားသုံးပြီး ဆန်ကြမ်းကို ပြည်ပသို့ တင်ပို့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အကြမ်းဖျင်းသုံးသပ်ချက်
၁။ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဆန်စပါး အများဆုံထုတ်လုပ်သောနိုင်ငံဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ ဆန်စပါးတင်ပို့မှုကို မြှင့်တင်နိုင်သည့် အလားအလာများစွာရှိပါသည်။

(Myanmar Economic Association page မှ ကူးယူဖေါ်ပြပါသည်)
၂။ ဆန်တစ်ဟက်တာအထွက်နှုန်းသည် အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျလျက်ရှိရာ တစ်ဟက်တာအထွက်နှုန်းတိုးမြှင့် နိုင်ရန် အလားအလာများစွာရှိပါသည်။
၃။ မြန်မာ့ဆန်ကို လူသိများလာစေရန် မြန်မာဆန်မွှေး(Myanmar Fragrant Rice )အဖြစ်လည်းကောင်း၊ မြန်မာဆန်ဖြူ(Myanmar White Rice)အဖြစ်လည်းကောင်း စားသုံးသူများအသင့်စားသုံးနိုင်သည့် consumers’ packs များဖြင့် ဆန်ကျိူး ၅ ရာခိုင်နှုန်း သို့မဟုတ် ဆန်ကျိုးမပါသည် ၁၀၀ ရာခိုင်နှုန်း ဆန်များဖြင့် စျေးကွက်ထိုး‌ဖောက် တင်ပို့ရောင်းချနိုင်ရေး ဦးတည်ကြိုး ပမ်းသင့်ပါသည်။
၄။ ဆန်ပို့ကုန်တိုးမြှင့်မှုတွင် ပို့ကုန်ဆန်စပါးများအတွက် အလားအလာကောင်းသည့် ဒေသများကို လက်ရှိ ဆောင်ရွက်နေသည့် ပို့ကုန်ဦးတည်သည့် ဆန်စပါး စိုက်ပျိုးရေးဇုန်များအတိုင်း တိုးမြှင့် ဆောင်ရွက်သင့်ပါသည်။
၅။ တောင်သူလယ်သမားများအတွက် ချေးငွေပိုမို ရရှိနိုင်ရေးအတွက် သီးနှံသိုလှောင်မှုစာရွက်စနစ်(rice receipt scheme)ကိုလည်း ပိုမိုတိုးချဲ့ ဆောင်ရွက်သင့်ပါသည်။
၆။ ပြည်ပသို့ စုစည်းတင်ပို့နိုင်ရန် အလွန်ကြီးမားသည့် တစ်နှစ်လျှင် တန်ချိန် ၂ သန်းခန့်ကြိတ်ခွဲနိုင်သည့် အဆင့်မြင့် ဆန်ကြိတ်ခွဲ၊ ပြုပြင် ထုတ်ပိုးသည့် ဆန်စက်တစ်ခုစီကို အထက်မြန်မာပြည် နှင့် အောက်မြန်မာ နိုင်ငံတို့တွင် ထူထောင်နိုင်ရေးကို စီမံဆောင်ရွက်သင့်ပါသည်။ ယင်းစက်များတွင် မြန်မာတစ်နိုင်ငံလုံးမှ ပြည်ပတင်ပို့ရန် အကြမ်းကြိတ်ခွဲထားသည့် ဆန်များကို ပို့ကုန်ဆန်အဖြစ် ဆင့်တက်ပြုပြင်ပြီး အိတ်သွင်း၍ တိုက်ရိုက်သင်းဘောတင် တင်ပို့ရန် ဖြစ်ပါသည်။ (လက်ရှိတွင် ထိုင်းနိုင်ငံ၊ စီပီ ကုမ္ပဏီသည် အယုဒ္ဓယမြို့တွင် တန်ချိန် ၂.၁ သန်းခန့် ကြိတ်ခွဲ၊ ပြုပြင်၊ ထုတ်ပိုးနိုင်သည့် ဆန်စက်တစ်ခုကို ထူထောင်ထားရှိပြီး ပြည်ပအမှာစာများကို ပြည်တွင်း milled-on-demand စက်များက အကြမ်းကြိတ်ခွဲသည့် ဆန်ကြမ်းများကို ပြုပြင်၍ တိုက်ရိုက်တင်ပို့ပါသည်။)
၇။ တစ်ချိန်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့စဥ်က ပြည်ပမှ လယ်ယာလုပ်သားများရရှိခဲ့ပြီး အိန္ဒိယမှ ငွေချေးငွေငှားသူများထံမှာ ချေးငွေကို ရရှိခဲ့ခါ စူးအက်တူးမြောင်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဝယ်လိုအားများခဲ့ပါသည်။ မြန်မာဆန်စပါးပို့ကုန်များတိုးချဲ့တင်ပို့နိုင်ရေးတွင် စျေးကွက်ရရှိရေး၊ ခေတ်မှီ ကြိတ်ခွဲမှု နှင့် ထုတ်ပိုးမှုစွမ်းရည်များ ရရှိရေး၊ ချေး‌ငွေရရှိရေး၊ မျိုး နှင့် စိုက်ပျိုး နည်းပညာရရှိရေး နှင့် စက်ယန္တရားများတိုးချဲ့သုံးစွဲနိုင်ရေးတို့ကို ဦးစားပေး လုပ်ငန်းများအဖြစ် ဆောင်ရွက်ရန်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
မှီငြမ်း။
(၁) မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအခြေခံ အချက်များနှင့် ပတ်သက်၍ ဒေါက်တာထွန်းဆိုင်၊ ကျော်မြင့်နှင့် အုန်းကျော်တို့၏စာတမ်းများကို အခြေခံပါသည်။
(၂) မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုအချက်အလက်နှင့် သုတေသနဌာနခွဲမှ နေ့စဥ်နှင့် လစဥ်သတင်းလွှာများ
(၃) အင်တာနက်၊ အေအိုင်၊ co-pilot မှ အချက်အလက်များ။

22/07/2026

မေးခွန်း - Oxyfluorfenကို စပါးအပင်ပေါက်ပြီးမှ သုံးနေကြပါတယ်။ဖြစ်လာနိုင်မယ့်ဆိုးကြိုးလေးတွေ​ရှင်းပြပေးပါ။

Oxyfluorfen သည် PPO inhibitor (HRAC Group 14) အမျိုးအစား ထိသေအာနိသင်ဖြစ်ပြီး အရွက်ပေါ်ကျသည့်နေရာကိုသာ အဓိကလောင်ကျွမ်းစေသော ပေါင်းသတ်ဆေးဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စပါးပင်ပေါက်ပြီးနောက် (post-emergence) အသုံးပြုဖို့ မညွှန်းသင့်ပါဘူး။ စပါးကို ဆေးလောင်နိုင်လို့ပါ။

အထူးသဖြင့် ဆေးဖျန်းပြီးနောက်ရက်မှာ နေသာချိန် ပိုများလေလေ ထိသေဆေးပီသစွာနဲ့ စပါးကိုဆေးလောင်နိုင်ခြေ ပိုများလေလေဖြစ်ပါတယ်။
စပါးရွက်ဆေးလောင်တဲ့အခါ အကျိုးဆက်က အရွက်ရဲ့ စိမ်းရောင် ခြယ်ပစ္စည်း (Chlorophyll) ပျက်စီးတာကြောင့် အစာချက်နှုန်းလျော့ကျရင် စပါးပင်ကြီးထွားမှုနှုန်း လျော့ကျနိုင်မယ်၊ ပင်ပွါးနည်းမယ်၊ (စပါး ၁–၃ ရွက်အဆင့်မှာသုံးမိရင်ဘဆေးလောင်မှု ပိုပြင်းထန်နိုင်)၊ ဆေးလောင်မှုပြင်းထန်ရင် စပါးက ပြန်လည်နာလန်ထနိုင်ရင်တောင် အထွက်နှုန်းမှာ ထိခိုက်နိုင်ပါတယ်။

ဆေးဖျန်းပြီး နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုရှိမှ ဆေးထိရောက်မှုရမှာဖြစ်သလို စပါးခင်းလိုမျိုး မြေဆီလွှာမှာ အစိုဓာတ် ၁၀၀% သို့မဟုတ် ရေရှိနေတဲ့အခြေအနေသည်လည်း ဆေးလောင်မှုဖြစ်စေဖို့ အားပေးပါတယ်။
ဒါပေမယ့် တချို့တောင်သူတွေက ဘာကြောင့် Oxyfluorfen ကို post-emergence ပေါင်းသတ်ဆေးအဖြစ် စပါးခင်းမှာသုံးနေကြသလဲဆိုရင် သူက ထိသေအာနိသင်ပီပီ ရွက်ပြန့်ပေါင်းနဲ့ မြက်မုန်ညင်းအချို့၊ နှိမ်နင်းရခက်တယ်ဆိုတဲ့ မြက်အုပ်စုပေါင်းအချို့ကို ဆေးဖျန်းပြီး ၂ ရက်လောက်အတွင်း အရွက်တွေခြောက်သွားတာကို စိတ်ကျေနပ်မှုရစေတာကြောင့်ပါ။ စပါးရွက်တစ်ရှူးသားတွေ ဖြူသွားတာကို ကြုံရသည့်တိုင်အောင် ပေါင်းသေဖို့ကိုပဲ ပိုဦးစားပေးကြလို့ပါ။

စပါးပင်ကြီးထွားမှုကို အဟန့်အတားဖြစ်ခြင်းကြောင့် အစာချက်နှုန်းနှေးတာ၊ ပင်ပွါးနည်းစေတာ၊ နှံစ တိုစေတာ၊ အထွက်နှုန်းလျော့နိုင်တာတွေက လတ်တလောမကြုံရသေးရင် ပေါင်းသေဖို့က ပိုအရေးကြီးတယ်လို့ ထင်ပါလိမ့်မယ်။

သို့သော် - မိမိ သီးနှံစိုက်ရခြင်းရဲ့ အဓိကမျှော်လင့်ချက်က စပါးအထွက်ရဖို့ပါ၊ စပါးအထွက်ရဖို့ဆိုရင် ရာသီတစ်လျှောက် သီးနှံကို ထိခိုက်စေမှုမဖြစ်စေ/နည်းစေမယ့် အလေ့အကျင့်ကောင်းတွေနဲ့သာ စိုက်ပျိုးဖို့အရေးကြီးကြောင်း သိကြပြီးသားပါ။ ဒါကြောင့် စပါးခင်းထဲက ပေါင်းကို သေစေဖို့ ရွေးချယ်စရာ ပေါင်းသတ်ဆေးအမျိုးအစားများစွာရှိတဲ့အထဲမှာ Oxyfluorfen ကိုမှ မဖြစ်မနေ ဦးစားပေး အသုံးပြုခြင်းမျိုးကို မလုပ်သင့်ပါဘူး။

Dr. DaDa
Ph. D Entomology

(သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်)

20/07/2026

ပေါင်းသတ်ဆေးရွေးချယ်မှု မှန်ကန်လျှင် စိုက်ခင်းထဲက ပေါင်းတွေကို နှိမ်နင်းနိုင်ဖို့ သေချာပါသလား။

ဒီမေးခွန်းက သဘောကျစရာကောင်းပါတယ်။ ကြော်ငြာတွေ၊ ဆေးအရောင်း post တွေမှာ ရေးသား၊ ပြောဆိုလေ့ရှိတာက ဘာပေါင်းဆိုရင် ဒီဆေးကိုဖျန်းပါ၊ ဒီဆေးနဲ့ ဒီဆေးအရောဟာ ဘယ်လိုပေါင်းတွေကို လုံးဝ ရှင်းသွားစေမယ် ဆိုတာမျိုးပါ။ ညွှန်းပြီးရောင်းချကြတဲ့ AI တွေအရ မှားလားဆိုရင် လုံးဝ မမှားပါဘူး။ ပြောတဲ့ပေါင်းတွေကို ညွှန်းတဲ့ AI က ထိရောက်ပါတယ်။
ဒါပေမယ့် ပေါင်းသတ်ဆေးထိရောက်မှုဆိုတာ ပေါင်းနဲ့ AI တိုက်ဆိုင်တိုင်း အောင်မြင်လားဆိုတော့ မသေချာနိုင်ပါဘူး။

ပေါင်းသတ်ဆေးကို ပေါင်းအမျိုးအစားနဲ့ ကိုက်ညီအောင် မှန်ကန်စွာ ရွေးချယ်ထားရုံနဲ့ ပေါင်းကို ၁၀၀% နှိမ်နင်းနိုင်မယ်လို့ အာမမခံနိုင်တဲ့ အကြောင်းက ပေါင်းသတ်ဆေး၏ အောင်မြင်မှုကို Active ingredient (AI) တစ်မျိုးတည်းက မဆုံးဖြတ်ဘဲ “ပေါင်းသတ်ဆေး– ပေါင်းအမျိုးအစား/အရွယ်အစား/ပမာဏ– ပတ်ဝန်းကျင်အခြေအနေ – ပက်ဖျန်းနည်းစနစ်” ဆိုတဲ့ အချက်လေးခု ပေါင်းစပ်ညီညွတ်မှုရှိဖို့လိုတာကြောင့်ဖြစ်ပါတယ်။

ပေါင်းသတ်ဆေးရွေးချယ်မှု မှန်ကန်ပေမယ့် ပေါင်းမသေနိုင်တာမျိုးကို ကြုံရနိုင်ခြင်းသည်
ဆေးအမျိုးအစားအလိုက် ပေါင်းပင်ရဲ့ကြီးထွားမှုအဆင့်အပေါ် ထိရောက်မှုမတူခြင်း၊ ဥပမာ - (Bispyribac, Penoxsulam, Imazethapyr) စတဲ့ဆေးတွေသည် ပေါင်းပင် ၂–၄ ရွက် အရွယ်မှာ အကောင်းဆုံး အာနိသင်ရှိပါတယ်။ ပေါင်းပင်ကြီးလာပြီး ပန်းခိုင်စထွက်ချိန်မှာ ဖျန်းရင် ဆေးစိမ့်ဝင်သော်လည်း မသေဘဲ ကြီးထွားမှု ရပ်တန့်သွားတာမျိုးသာ ဖြစ်နိုင်ပါတယ်။
အကြောင်းရင်းကတော့ အပင်ကြီးလာတဲ့အခါအရွက်တစ်ရှူးသား ပိုထူလာတယ်၊ အပင်/အရွက်ပမာဏ များလာလို့ ထိတဲ့ဆေးပမာဏနဲ့ သေဖို့မလုံလောက်တော့တာ၊ ပေါင်းသတ်ဆေးအဆိပ်ကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းထုတ်နိုင်စွမ်း/ပမာဏများလာတတ်တာတွေကြောင့် မထိရောက်နိုင်ပါ။

နောက်တချက်က ဆေးဖျန်းချိန်မှာရှိနေမယ့် ရာသီဥတုအခြေအနေပါ။ ပေါင်းသတ်ဆေးတော်တော်များများဟာ အပူချိန်၊ အစိုဓာတ်၊ နေရောင်ခြည်၊ မိုးရွာသွန်းမှု တို့အပေါ် မူတည်ပြီး ထိရောက်မှုကွာခြားပါတယ်။ ဥပမာ - Glyphosate သည် ပက်ဖျန်းချိန်မှာ စိုထိုင်းဆမြင့်ရင် စုပ်ယူမှုကောင်းတယ်။ ခြောက်သွေ့လွန်းရင် အရွက်လေပေါက်တွေ ပိတ်ပြီး ဆေးစုပ်ယူမှု လျော့စေပါတယ်။

ACCase အုပ်စုပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fenoxaprop, Cyhalofop, Quizalofop စတာတွေသည် ပက်ဖျန်းချိန်မှာ အပူချိန်လျော့ပြီး အေးလွန်းရင် ပေါင်းပင်အတွင်း ဆေးပြန့်နှံ့နှုန်း လျော့နိုင်ပါတယ်။

မြေအမျိုးအစားနဲ့ မြေအစိုဓာတ်သည် အထူးသဖြင့် pre-emergence herbicide (ပေါင်းအုပ်ဆေး) တွေအတွက် အရေးကြီးပါတယ်။ ဥပမာ - Pendimethalin သည် ပက်ဖျန်းချိန်မှာ မြေအစိုဓာတ် ၇၀-၈၀ % ရှိရင် အာနိသင်အကောင်းဆုံးဖြစ်ပြီး မြေခြောက်ရင် ပေါင်းစေ့မျိုးညှောင့်ပေါက်နိုင်တဲ့ မြေအနက်အထိ ဆေးမရောက်နိုင်ပါဘူး။ ဒါ့အပြင် သဲမြေမှာ အလွယ်တကူ မြေအောက်ကို စိမ့်ဝင် ဆုံးရှုံးနိုင်မှု များစေနိုင်ပါတယ်။

ပေါင်းသတ်ဆေးဖျန်းနည်းလွဲမှားရင် ဘယ်လောက်ပဲ ဆေးရွေးချယ်မှုနဲ့ ပေါင်းအမျိုးအစား တိုက်ဆိုင်ပါစေ ပေါင်းမသေတာ၊ သီးနှံဆေးလောင်တာ ဖြစ်နိုင်ပါတယ်။ AI မှန်ပေမယ့် ရေများလွန်းရင်၊ ရေနည်းလွန်းရင်၊ nozzle မမှန်ရင်၊ နှုန်းထားမမှန်ရင်၊ ဆေးပုံး pressure မမှန်ရင်၊ ဆေးဖျန်းတဲ့လုပ်သား စနစ်တကျမဖျန်းရင် (လမ်းလျှောက်နှုန်း၊ ပေါင်းအပေါ်သေချာခြုံငုံမိအောင်မဖျန်းရင်) ထိရောက်မှုမကောင်းနိုင်ပါဘူး။

ဆေးဖျော်တဲ့ ရေ၏ pH နှင့် အရည်အသွေးကလည်း တခါတရံမှာ ဆေးအာနိသင်ကို ပြောင်းလဲစေတတ်ပါသေးတယ်။ အချို့ ပေါင်းသတ်ဆေးတွေက အယ်လ်ကာလီဆန်တဲ့ရေမှာ ရေနဲ့ဓာတ်ပြုပြီး ဖျော်စပ်နေချိန်မှာပဲ အာနိသင်လျော့သွားနိုင်ပါတယ်။ ဥပမာ - ဂလိုင်ဖိုစိတ်သည် ဖျော်တဲ့ရေမှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ် ပျော်ဝင်မှုများတဲ့ hard water ဖြစ်ရင် အာနိသင်ပျက်နိုင်ပါတယ်။

ယခုနှစ်ပိုင်းတွေမှာ ကြုံနေရတဲ့ ပေါင်းပင်ရဲ့ မျိုးရိုးဗီဇကွာဟချက်တွေဖြစ်ပေါ်လာခြင်းကလည်း ဆေးထိရောက်မှုကို မသေချာတာမျိုးရှိနိုင်ပါတယ်။
တူတဲ့ ပေါင်းမျိုးစိတ်ပဲ ဖြစ်ပေမယ့် Biotype မတူနိုင်တာမျိုး။
ဥပမာ - မြက်သီး တချို့ အမျိုးအစားက bispyribac သေတယ်။ တချို့ အမျိုးအစားက Quinclorac နဲ့မှ သေတယ်ဆိုတာရှိပါတယ်။ အလားတူ တက်ကွက် ရိုးဖြူ၊ ရိုးနီလည်း ဒီလိုပါပဲ။
AI ရွေးတာမှန်ပေမယ့် ပေါင်းပင်က ဆေးတိုက်ခိုက်မယ့်အင်ဇိုင်းသန္ဓေပြောင်းနေရင်လည်း မသေပါဘူး။

ပေါင်းအလွန်ထူရင် အောက်ကပေါင်းတွေကို ဆေးစက်မရောက်နိုင်ပါ။ မသေပဲကျန်တဲ့ပေါင်း ရှိပါမယ်။ ပေါင်းပင်ရဲ့ ပွါးများနိုင်တဲ့ပုံစံအရ ဥပမာ - မြက်မုန်ညင်းဥနက်သည် အမြစ်မှာ ပွါးတဲ့ ဥ နဲ့ ပြန်ပေါက်နိုင်ပါတယ်။ မြေဇာမြက်ဟာ မြေလျှောက်ပင်စည် နဲ့ ပြန်ပွါးနိုင်ပါတယ်။ ကန်စွန်းနွယ်မျိုးရင်းပေါင်းတွေသည် အမြစ်စနစ်အားကောင်းတာကြောင့် ဆေးဖျန်းတဲ့အခါ မြေကြီး အပေါ်ပိုင်းအစိတ်အပိုင်းတွေ သေသော်လည်း မြေအောက်အင်္ဂါများ မထိခိုက်ရင် ပြန်ပေါက်နိုင်ပါတယ်။

ဒီအချက်တွေကို ခြုံငုံလိုက်ရင် ပေါင်းတစ်မျိုးသေဖို့ ဆေး AI ရွေးတာမှန် ရင်တောင် ပေါင်းသတ်ဆေး ထိရောက်မှုသည် မှန်ကန်သော AI + မှန်ကန်သောနှုန်းထား + ပေါင်းအရွယ်အစား + ဖျန်းချိန် + ရာသီဥတု + မြေအခြေအနေ + ရေ၏အရည်အသွေး + ဖျန်းနည်း + ဆေးဖော်စပ်ထုတ်လုပ်မှုပုံစံ + ပေါင်းပင်၏ သန္ဓေဗီဇပြောင်းလဲမှုနှင့် ခံနိုင်ရည်ရှိမှုဖြစ်စဉ် + ပေါင်းပင်၏ ပွါးများမှုပုံစံ) ဒီထဲက အချက်တစ်ခုခု လွဲချော်ရင် ပေါင်းမသေတာဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် လက်တွေ့ဆောင်ရွက်ရာမှာ “ဆေးရွေးတာမှန်တယ်” ဆိုတာသည် ပထမခြေလှမ်းအစပဲဖြစ်ပြီး၊ “အချိန်မှန်၊ နည်းမှန်၊ အခြေအနေမှန်” ဖြစ်မှသာ ပေါင်းနှိမ်နင်းမှု အကောင်းဆုံးရလဒ်ကို ရမှာဖြစ်ပါတယ်။

ကျနော့်ကို ရေးတဲ့ comment တစ်ခုကို မှတ်မှတ်ရရ ရှိထားပါတယ်။ ဒါတွေရေးနေလို့ ဘာထူးမှာလဲ၊ ဘယ်ပေါင်းကို ဘာဆေးဖျန်းရမလဲကျတော့ ငါလဲမလုပ်တတ်ဘူးလို့ ဖြေမှာမို့လားတဲ့။

ဘယ်ပေါင်းကို ဘာဆေးဖျန်းဆိုတာ တိုက်ဆိုင်ရုံနဲ့ ကျန်အချက်တွေပေါ့ဆရင် လိုရင်းမရောက်နိုင်ကြောင်းက ပိုအရေးကြီးလို့ ပြောရတာပါ။ ဆေး AI ညွှန်းတာကတော့ ဆေးဆိုင်တွေလည်း ပြောတတ်တာပဲမဟုတ်လား။

Dr. DaDa
Ph. D Entomology

(သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်)

09/07/2026

မကြာခဏမေးလေ့ရှိကြတဲ့မေးခွန်းတစ်ခုက မှိုသတ်ဆေးဖျန်းရင် အနည်းလိုအာဟာရ ရွက်ဖျန်းဆေးနဲ့ ရောဖျန်းလို့ရသလားဆိုတာပါ။
အဲဒီလိုမေးတိုင်း ဇင့်၊ သံဓာတ် စတာမျိုးကတော့ ရောလို့အဆင်ပြေကြောင်း၊ သို့သော် ကော့ပါး၊ ဆာလဖာဆေးတွေကိုတော့ ဘာနဲ့မှမရောပဲ သီးသန့်သာဖျန်းရမယ်လို့ပြောရင် လက်ခံကြပေမယ့် ဘယ်မှိုသတ်ဆေးကိုမှ ကယ်လ်စီယမ် ဘိုရွန် ရွက်ဖျန်းရယ်၊ ဟူးမစ်အက်ဆစ်ရယ်နဲ့ ရောမဖျန်းရပါဘူးလို့ဖြေရင် လက်မခံချင်သူအချို့က ရှိနေပြန်ပါတယ်။

ဘာလို့ ကယ်လ်စီယမ် ဘိုရွန်ကို ရောမဖျန်းရတာလဲဆိုတာ အကြောင်းပြချက်သေချာပေးဖို့လိုတယ်လို့ ပြောကြပါတယ်။ သီးနှံပင်က အဖူးဝင်တော့မယ် ကယ်လ်စီယမ်ဘိုရွန်ကိုလည်း ဖျန်းချင်တယ်၊ ရောဂါကျနေတော့ မှိုဆေးလည်းဖျန်းချင်တယ်။ ရောလို့မရဘူးလားလို့ ခဏခဏ မေးကြပါတယ်။

ဘာလို့မရောသင့်တာလဲဆိုတော့ “ရောလို့မရ” ဆိုတာတစ်ခုတည်းမဟုတ်ဘဲ ဓာတုဗေဒ (Chemistry)၊ အပင်ဇီဝကမ္မဖြစ်စဉ်များ၊ ဆေးဖော်စပ်ထုတ်လုပ်ပုံ တို့နဲ့ပါဆက်စပ်နေပါတယ်။

ဓာတုဓာတ်ပြုမှု (Chemical Compatibility) အရဆိုရင် ကယ်လ်စီယမ်သည် အလွန်တုံ့ပြန်လွယ်သော cation (Ca²⁺) ဖြစ်ပါတယ်။ Ca²⁺ ဟာ မှိုသတ်ဆေးတွေမှာ ပါဝင်တဲ့ ဖော့စ်ဖိတ်၊ ဆာလဖိတ်၊ ကာဗွန်နိတ်၊ ဆီလီကိတ် သတာတွေနဲ့ပေါင်းစပ်မိတဲ့အခါ မပျော်ဝင်နိုင်သော အနည် ဖြစ်သွားနိုင်ပါတယ်။
အနည်ဖြစ်လာရင် နော်ဇယ် ပိတ်နိုင်ခြင်း၊ ဆေးအာနိသင်လျော့နည်းခြင်း၊ အပင်မှ စုပ်ယူမှု ကျဆင်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ရွက်ဖျန်းအားဆေးများက ပုံမှန်အားဖြင့် pH 6–7 ဝန်းကျင်ရှိပြီး မှိုသတ်ဆေးအချို့က pH 5 မှာပဲ အာနိသင်တည်ငြိမ်တာရှိပါတယ်။ အချို့ကတော့ pH 8 အထက်မှာ အာနိသင် အလျင်အမြန်ပျက်စီးတတ်ပါတယ်။ အဲလို မှိုသတ်ဆေးတွေကို Ca/Bo ရွက်ဖျန်းနဲ့ တပုံထဲမှာ ရောစပ်ထည့်လိုက်ခြင်းကြောင့် Tank mix ရဲ့ pH ပြောင်းသွားရင်
ဥပမာ Mancozeb၊ Captan၊ Copper oxychloride ဆေးတွေရဲ့ pH ပြောင်းသွားခြင်းကြောင့် အာနိသင်တည်ငြိမ်မှုကျဆင်းနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ဘိုရွန်ကို EDTA၊ သို့မဟုတ် Organic chelate အဖြစ် ထုတ်လုပ်ထားသော အားဆေးများကို မှိုသတ်ဆေးရဲ့ metal ion များနဲ့ရောနှောတဲ့အခါ Chelate complex ပြိုကွဲသွားနိုင်ပါတယ်။

Chelation ရဲ့အဓိပ္ပာယ်ကတော့ ဓာတုဗေဒအရ သတ္တုအက်တမ် (သို့) သတ္တုအိုင်းယွန်းများကို အော်ဂဲနစ်မော်လီကျူးများက ကုပ်ဖမ်းတွယ်ဆက်ထားတဲ့ ဓာတ် ပြုလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီဝေါဟာရက ဂရိစကားလုံး chele (ကဏန်းလက်မ) မှ ဆင်းသက်လာခြင်းဖြစ်ပြီး သတ္တုများကို တည်ငြိမ်သော ကွင်းဆက်ပုံစံဖြင့် ဖမ်းယူခြင်းလို့ ဆိုလိုပါတယ်။ စိုက်ပျိုးရေးမှာ အပင်များအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များကို အပင်များ အလွယ်တကူ စုပ်ယူနိုင်ရန်အတွက် တည်ငြိမ်ပြီး အလွယ်တကူ မပျက်စီးနိုင်သော ပုံစံသို့ ပြောင်းလဲပေးသည့် နည်းလမ်းဖြစ်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ဒီ chelation ဖြစ်စဉ်ပြိုကွဲခြင်းရဲ့အကျိုးဆက်အနေနဲ့ ကယ်လ်စီယမ်ဘိုရွန် ရွက်ဖျန်းနဲ့မှိုသတ်ဆေး ရောဖျန်းတဲ့အခါ အပင်က ဘိုရွန်ကို မစုပ်ယူနိုင်ခြင်း၊ ကယ်လ်စီယမ်ကိုဘမစုပ်ယူနိုင်ခြင်း၊ မှိုသတ်ဆေးအာနိသင် ကျနိုင်ခြင်း စတာတွေဖြစ်ပြီး ငွေကုန်အကျိုးမရှိ ဖြစ်နိုင်လို့ပါ။

EDTA ဆိုတာသည် C₁₀H₁₆N₂O₈ ဓာတုဗေဒဖော်မြူလာရှိသည့် Ethylenediaminetetraacetic acid ဖြစ်ပြီး သတ္တုအိုင်းယွန်းများနှင့် စနစ်တကျချိတ်ဆက်နိုင်သော (Chelating agent) ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

နောက်ထပ်သဘောပေါက်ရမှာက မှိုသတ်ဆေးတိုင်း ဖော်စပ်ထုပ်လုပ်ပုံ မတူပါဘူး။ ဥပမာ SC (Suspension Concentrate)၊ EC (Emulsifiable Concentrate)၊ WP (Wettable Powder)၊WG (Water Dispersible Granule)၊ OD (Oil Dispersion) စသဖြင့်ရှိပါတယ်။

EC ပုံစံမှိုသတ်ဆေး ကို ကယ်လ်စီယမ် ရွက်ဖျန်းနဲ့ ရောရင် မှိုသတ်ဆေးရဲ့ ပျံ့နှံ့နိုင်မှု ပျက်နိုင်ပါတယ်။ ရောစပ်စဉ် အလွှာနှစ်ထပ်ဖြစ်ခြင်း၊ အနည်ကျခြင်းစတဲ့ ရုပ်ဂုဏ်သတ္တိခြင်းပေါင်းစပ်နိုင်မှု ကျနိုင်ပါတယ်။

ကယ်လ်စီယမ်၊ ဘိုရွန်တို့ဟာ တို့သည် Salt index မြင့်ပါတယ်။
Salt index ဆိုတာသည် မြေဩဇာတွေမှာဆားဓာတ် ပါဝင်မှုနှုန်းနဲ့ ၎င်းတို့ကြောင့် မြေဆီလွှာတွင် ဖြစ်ပေါ်လာသော Osmotic Pressure (ရေစိမ့်ဝင်အားဖိအား) ပြောင်းလဲမှုကို တိုင်းတာတဲ့ယူနစ်တစ်ခု ဖြစ်ပါတယ်။

Salt index မြင့်တဲ့ မြေဩဇာကို အပင်နဲ့နီးကပ်စွာ ထည့်သွင်းမိရင် မြေဆီလွှာရဲ့Osmotic pressure မြင့်တက်လာပြီး အပင်အမြစ်များက ရေဓာတ်ကို မစုပ်ယူနိုင်ဘဲ အမြစ်မှ ရေဓာတ်များ ပြန်လည်စိမ့်ထွက်ကာ အပင် ညှိုးခြောက် သေဆုံးနိုင်ခြင်း၊ အရွက်ပေါ်ကို မြေဩဇာဖျန်းမိပါက အရွက်များ လောင်ကျွမ်းခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်အရေးကြီးတဲ့တစ်ချက်က ကယ်လ်စီယမ်သည် အရွက်တစ်ရှုးရဲ့ ဆဲလ် နံရံမှာ အလျင်အမြန် ချိတ်ဆက်သွားနိုင်ပြီး မှိုသတ်ဆေးသည် အရွက် cuticle ကိုဖြတ်ပြီး ဝင်ရမှာဖြစ်တာကြောင့်
တစ်ရှူးသားမှာ ကယ်လ်စီယမ်အလွှာ အရင် ဖုံးသွားရင် မှိုသတ်ဆေးစုပ်ယူမှုကို လျော့စေနိုင်ပါတယ်။

အချို့မှိုသတ်ဆေးတွေက အပင်အတွင်းမှာ ပင်လုံးပြန့်အာနိသင်ရှိပါတယ်။ ကယ်လ်စီယမ်က ဆဲလ်နံရံကို တင်းကျပ် စေတာကြောင့် တချို့ ပင်လုံးပြန့်မှိုသတ်ဆေးများရဲ့ ပြန့်နှံ့မှုကို လျော့စေနိုင်တယ်လို့ သုတေသနအချို့မှာ တွေ့ရှိထားပါတယ်။ သို့သော် ဒီသက်ရောက်မှုဟာ ဆေးအမျိုးအစားနှင့် အသုံးပြုပုံပေါ် မူတည်ပြီး အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။

ဒီအချက်တွေကြောင့် CaBo ရွက်ဖျန်းကို မှိုသတ်ဆေးနဲ့ ရောလို့ရလားမေးရင် မရောပါနဲ့လို့ ဖြေရတာပါ။ အကယ်၍ ဘာဖြစ်ဖြစ် တို့က ရောမှာပဲဆိုရင်တောင်
အရင်ဆုံး jar test (ပုလင်းအသေးဖြင့် ရောစပ်စမ်းသပ်ခြင်း) လုပ်ပါ။ ရေရဲ့ pH နှင့် hardness (Ca. Al, Mg ပါဝင်မှု) ကိုလည်း ထည့်သွင်းစဉ်းစားပါ။
မသေချာဘူးထင်ရင် Ca/Bo နဲ့ မှိုသတ်ဆေးကို ၃–၇ ရက်ခန့် ခွါပြီးဖျန်းခြင်း က ပိုပြီး စိတ်ချရပါတယ်။

ဟူးမစ်အက်ဆစ်နဲ့ မှိုသတ်ဆေး ဘာလို့မရောသင့်လဲဆိုရင်တော့ ဟူးမစ်အက် ဆစ်သည် မော်လီကျူးအရွယ်အစား ကြီးပြီး အညစ်အကြေးနဲ့ ရေမှာပျော်ဝင်ဖို့မလွယ်တဲ့ အစိုင်အခဲများ ပါနိုင်လို့ပါ။ သူ့ကို SC, WP, WG ပုံစံ မှိုသတ်ဆေးများနဲ့ ရောတဲ့အခါ ကောင်းစွာမရောနှောခြင်း၊ အနည်ကျခြင်း၊ နော်ဇယ်ပိတ်ခြင်း စတာတွေဖြစ်နိုင်လို့ပါ။ ဒါကြောင့် humic acid ကို သီးသန့် သို့မဟုတ် မြေကြီးထဲသုံးခြင်းက ပိုပြီးသင့်လျော်ပါတယ်။

Dr. DaDa
Ph. D entomology

(သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်)

01/07/2026

#ပေါင်းသတ်ဆေးကြောင့်ရေထုညစ်ညမ်းမှု (Water Pollution)ဖြစ်ပေါ်လာတာဟာ ကမ္ဘာတစ်ဝန်း စိုက်ပျိုးရေးမှာ အရေးကြီးတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုပါ။ ပေါင်းသတ်ဆေးတိုင်းက ရေကို တူညီတဲ့အတိုင်းအတာနဲ့ မညစ်ညမ်းစေပေမယ့်
**ရေတွင်ပျော်ဝင်နိုင်စွမ်း (water solubility)**၊ **မြေမှုန်နဲ့ကပ်တွယ်နိုင်စွမ်း (adsorption)**၊
**ဓာတ်ကြွင်းကြာချိန် (persistence)** ပေါ်မူတည်ပြီး ကွာခြားပါတယ်။

# # ၁။ ပေါင်းသတ်ဆေးတွေ ဘယ်လိုနည်းလမ်းနဲ့ ရေထုထဲရောက်သလဲ

အဓိကလမ်းကြောင်း ၄ ခုရှိပါတယ်။

**(၁) မိုးရေနဲ့အတူ စီးဆင်းခြင်း (Surface runoff)**
- ဆေးဖျန်းပြီး မကြာခင် မိုးကြီးရွာရင် ဆေးအချို့က မြေမျက်နှာပြင်ပေါ်ကနေ ချောင်း၊ မြစ်၊ ရေကန်ထဲ စီးဝင်နိုင်ပါတယ်။

**(၂) မြေအောက်ရေထဲ စိမ့်ဝင်ခြင်း (Leaching)**
- ရေတွင်ပျော်ဝင်လွယ်တဲ့ ဆေးတွေက သဲမြေလို မြေမျိုးမှာ မြေအောက်ရေထဲ ပိုမိုစိမ့်ဝင်နိုင်ပါတယ်။

**(၃) ဆေးဖျန်းစဉ် လေတိုက်ပြီး လွင့်စင်ခြင်း (Spray drift)**
- လေတိုက်ချိန်မှာ ဖျန်းရင် ရေကန်၊ ချောင်းတွေထဲ တိုက်ရိုက်ကျနိုင်ပါတယ်။

**(၄) ဆေးကျန်ရည်နှင့် ဆေးပုံးများကို မမှန်ကန်စွာ စွန့်ပစ်ခြင်း**
- ဆေးဖျန်းစက်ဆေးရေ၊ ဆေးပုံးတွေကို ရေမြောင်း၊ ချောင်းထဲ ပစ်ချတာကလည်း ညစ်ညမ်းမှုဖြစ်စေပါတယ်။

# # ၂။ ရေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ ပြဿနာများ

# # # (က) ရေသတ္တဝါများ ထိခိုက်ခြင်း

ငါး၊ ပုစွန်၊ ဖား၊ ရေထဲက အကျိုးရှိတဲ့ အဏုဇီဝတွေ ထိခိုက်နိုင်ပါတယ်။

ဥပမာ
- Atrazine က ရေညှိ (algae) နဲ့ ရေထဲက အပင်ငယ်တွေကို ထိခိုက်စေနိုင်ပါတယ်။
- Diuron က ရေထဲရှိ အလင်းဖြင့် အစာချက်လုပ်တဲ့ သက်ရှိငယ်တွေကို ထိခိုက်စေနိုင်ပါတယ်။

ရေညှိနဲ့ ရေအပင်ငယ်တွေ လျော့နည်းလာရင် အစားအစာကွင်းဆက် (food web) ကိုလည်း ထိခိုက်နိုင်ပါတယ်။

# # # (ခ) ရေသောက်သုံးမှု အရည်အသွေး ကျဆင်းခြင်း

ပေါင်းသတ်ဆေးဓာတ်ကြွင်းပါတဲ့ ရေကို ကုသမှုမလုံလောက်ဘဲ သောက်သုံးမိရင် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံအများစုမှာ သောက်သုံးရေအတွက် ပေါင်းသတ်ဆေးဓာတ်ကြွင်း အများဆုံးခွင့်ပြုနှုန်း (Maximum Contaminant Levels သို့မဟုတ် အလားတူစံနှုန်းများ) သတ်မှတ်ထားပါတယ်။

# # # (ဂ) ဇီဝမျိုးစုံ ပျက်စီးခြင်း

ရေထဲမှာရှိတဲ့
- ရေညှိ
- ရေမှို
- အကျိုးရှိတဲ့ ဘက်တီးရီးယား
- ရေပိုးမွှားငယ်

တွေ လျော့နည်းလာရင် ရေဂေဟစနစ် (aquatic ecosystem) ရဲ့ မျှတမှုကို ထိခိုက်စေနိုင်ပါတယ်။

# # # (ဃ) စိုက်ပျိုးရေးအပေါ် ပြန်လည်သက်ရောက်ခြင်း

ညစ်ညမ်းတဲ့ရေကို ပြန်လည်အသုံးပြုရင်
- အချို့သီးနှံတွေမှာ အရွက်ဝါခြင်း
- အမြစ်ကြီးထွားမှု လျော့နည်းခြင်း
- အပင်ပေါက်နှုန်း ကျဆင်းခြင်း

တို့ ဖြစ်နိုင်ပါတယ်။

# # ၃။ ဘယ်ပေါင်းသတ်ဆေးတွေက ရေထုကို ပိုညစ်ညမ်းစေနိုင်သလဲ

| ပေါင်းသတ်ဆေး | ရေထုညစ်ညမ်းနိုင်ခြေ | အဓိကအကြောင်းရင်း |
|---|---|---|
| Atrazine | မြင့် | ရေတွင်ပျော်ဝင်နိုင်ပြီး မြေအောက်ရေထဲ စိမ့်ဝင်နိုင်သည်။ |
| Metribuzin | မြင့် | သဲမြေများတွင် စိမ့်ဝင်လွယ်သည်။ |
| 2,4-D | အလယ်အလတ် | မိုးရွာပြီးနောက် စီးဆင်းသွားနိုင်သည်။ |
| Glyphosate | နိမ့်မှ အလယ်အလတ် | မြေမှုန်နှင့် ကပ်တွယ်လေ့ရှိသော်လည်း မြေတိုက်စားမှု (erosion) ဖြစ်လျှင် မြေမှုန်နဲ့အတူ ရေထဲရောက်နိုင်သည်။ |
| Paraquat | နိမ့် | မြေမှုန်နဲ့ အလွန်တင်းကျပ်စွာ ကပ်တွယ်လေ့ရှိသည်။ |

# # ၄။ မြန်မာနိုင်ငံမှာ တွေ့နိုင်တဲ့ အခြေအနေများ

မြန်မာနိုင်ငံမှာ
- စပါးစိုက်ခင်းတွေက ရေမြောင်းနဲ့ ဆက်စပ်နေတာ
- မိုးရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းတာ
- တောင်စောင်းစိုက်ခင်းတွေမှာ မြေတိုက်စားမှု ဖြစ်လွယ်တာ

တို့ကြောင့် ဆေးဖျန်းပြီး မကြာခင် မိုးရွာရင် ပေါင်းသတ်ဆေးတွေက ချောင်း၊ မြစ်၊ ရေကန်တွေထဲ ရောက်နိုင်ခြေ ပိုများပါတယ်။

# # ၅။ ကာကွယ်နည်းများ

- **မိုးခန့်မှန်းချက်ကို ကြည့်ပြီး** ဆေးဖျန်းပါ။ ဖျန်းပြီး မကြာခင် မိုးရွာမယ့်နေ့ကို ရှောင်ပါ။
- ရေမြောင်း၊ ချောင်း၊ ရေကန်ဘေးမှာ **အပင်ဖုံးလွှမ်းထားတဲ့ Buffer Strip** (မြက်၊ ချုံပင်တန်း) ထားပါ။ ဒါက မိုးရေနဲ့အတူ ပါလာတဲ့ မြေမှုန်နဲ့ ပေါင်းသတ်ဆေးတချို့ကို ဖမ်းဆီးပေးနိုင်ပါတယ်။
- လေပြင်းချိန်မှာ ဆေးမဖျန်းပါနဲ့။
- ဆေးဖျန်းစက်ဆေးရေ၊ ဆေးကျန်ရည်နဲ့ ဆေးဘူးတွေကို ရေမြောင်း၊ ချောင်း၊ ရေကန်ထဲ မစွန့်ပစ်ပါနဲ့။
- လိုအပ်တဲ့နှုန်းကိုသာ အသုံးပြုပြီး ပေါင်းသတ်ဆေးတစ်မျိုးတည်းကို အလွန်အကျွံ အားမထားဘဲ ပေါင်းစပ်ပေါင်းစီမံခန့်ခွဲမှု (Integrated W**d Management) ကို အသုံးပြုပါ။

အနှစ်ချုပ်အားဖြင့် ပေါင်းသတ်ဆေးကြောင့် ရေထုညစ်ညမ်းမှုဟာ **ဆေးအမျိုးအစားတစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ ဘယ်လိုအသုံးပြုသလဲ၊ ဘယ်မြေအမျိုးအစားမှာ သုံးသလဲ၊ မိုးရွာသွန်းပုံနဲ့ ရေစီမံခန့်ခွဲမှု** စတဲ့အချက်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ မှန်ကန်တဲ့ ရွေးချယ်အသုံးပြုမှုနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာရင် ရေထုညစ်ညမ်းမှုကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
Professor Dr.Nang Ohn Myint
(Nang Ohn Myint page မှ ကူးယူဖေါ်ပြပါသည်)

21/06/2026

Rice shoot fly (Atherigona oryzae)

စပါးပျိုးပင်အဆင့်တွင် အဓိကကျရောက်တတ်သော ယင်ကောင်အုပ်စုဖျက်ပိုးဖြစ်ပါတယ်။ ယခုနှစ်မိုးရာသီ စပါးအစိုကြဲခင်းတွေအတွက် အမေးများလာတဲ့ ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။
စပါးကြဲခင်း ၁ လသားမပြည့်ခင် စပါးပင်ငယ်တွေ အကွက်လိုက်သေနေတယ်။ အလယ်ရွက်တွေက လိမ္မော်ရောင်ဖြစ်နေပြီး အောက်ရွက်လေးတစ်ရွက်လောက်တော့ စိမ်းနေသေးတယ်။ အပင်ကို နှုတ်ကြည့်တော့ အမြစ်ပြတ်ပြီးပါလာတယ်။ ပင်စည်အခြေက ပုပ်နေသလိုဖြစ်တယ်။ ပေါင်းသတ်ဆေးလည်း မသုံးထားပါဘူး စသဖြင့် မေးလာကြပါတယ်။
မနေ့က သာယာဝတီမြို့နယ်ထဲက စပါးခင်းတွေကို ကွင်းဆင်းတဲ့အခါ
မှာလည်း ဒီလက္ခဏာကို တွေ့ခဲ့ရပါတယ်။ တောင်သူတွေက စပါးပင်အခြေအနေကို ဓာတ်ပုံပို့ပြီးမေးတဲ့အခါ seedling rot လက္ခဏာနဲ့ မသဲကွဲသော်လည်း ကိုယ်တိုင်ကွင်းဆင်းတဲ့အခါမှ ဒါသည် shoot fly လို့ခေါ်တဲ့ ယင်ကောင်ရဲ့ လောက်ကောင်ဖျက်ဆီးခြင်းကြောင့်ဆိုတာ သေချာသွားပါတယ်။

ဘာကြောင့် shoot fly ဆိုတာသေချာသလဲဆိုရင် စပါးပင်ငယ်တွေ အကွက်လိုက်သေတဲ့နေရာသည် သမန်းမညီတဲ့ ရေမတင်တဲ့နေရာမှာပဲ တွေ့ရခြင်း (seedling rot လက္ခဏာသည် ရေအမြဲရှိနေတဲ့နေရာမှာသာ တွေ့ရနိုင်ပါတယ်)။ မိုးက အဆက်မပြတ်ရွာနေတာမဟုတ်ပဲ မိုးမရွာတဲ့အချိန်မှာ ပတ်ဝန်းကျင်က စိုထိုင်းဆကြောင့် အပူချိန်ရှိသကဲ့သို့ခံစားရခြင်း၊ စိုက်ခင်းမှာ လေဝင်လေထွက် ရှိနေခြင်းနဲ့ အသေချာဆုံးကတော့ dead shoot လို့ခေါ်တဲ့ စပါးပင်ငယ်ရဲ့ အလယ်ရွက်သည် ပြန့်မနေပဲ ယင်ကောင်လောက်ကောင်ဖျက်ဆီးမှုရဲ့ အဓိကလက္ခဏာဖြစ်တဲ့ ကြက်သွန်မြိတ်လို လုံးနေကာ လိမ္မော်ရောင်ပြောင်းနေတာဖြစ်ပါတယ်။ စပါးပင်ငယ်ကို နှုတ်ကြည့်တဲ့အခါ ပင်ခြေက ပြတ်ထွက်လာပြီး လောက်ကောင်ကိုက်ဖြတ်ထားတဲ့ မညီညာပြတ်တောက်နေသော တစ်ရှုးသားတွေကို တွေ့ရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ စပါးပင်ငယ်မှာကျတတ်တဲ့ ယင်ကောင်ဖျက်ပိုးကို ကြက်သွန်မြိတ်ပိုး (rice stem gall midge (Orseolia oryzae)နဲ့ ကွဲပြားဖို့လိုပါတယ်။ ကြက်သွန်မြိတ်ပိုးကတော့ မိုးများပြီး စပါးခင်းထဲ လေဝင်လေထွက်အားနည်းတဲ့အခြေအနေ ပင်ပွားပိတ်နေမှ ကျတာပိုများပြီး စပါးရွက်မပြန့်တဲ့ (ကြက်သွန်မြိတ်လို အလုံးပုံဖြစ်ပေမယ့်) အဓိက ကွဲပြားတာက silver shoot (အဖြူရောင်) အလယ်ရွက်ဖြစ်စေပြီး အခုတွေ့ရတဲ့ shoot fly ကတော့ regged shoot (လိမ္မော်နီရောင်) အလယ်ရွက် လက္ခဏာဖြစ်ပါတယ်။

စပါးခင်းကို ရေဝပ်အောင်ထားခြင်းက ပိုးကျရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။ နိုက်ထရိုဂျင်မြေသြဇာ၊ ပိုတက်ရှ်၊ ဆီလီကာ ကျွေးခြင်းကို ဆောင်ရွက်ပေးနိုင်ပါတယ်။ ပိုးကြောင့် အားနည်းနိုင်သွားတဲ့ မသေသေးသော စပါးပင်ငယ်ရဲ့ တစ်ရှုးတွေကောင်းမွန်လာဖို့ ကူညီပေးပါတယ်။ သမန်းညီအောင် ရေနေရေထိုင်ညီအောင် ပြုပြင်ပြီး စိုက်ပျိုးပါ။ ယခုနှစ် ကွင်းဆင်းတဲ့အခါ အချို့တောင်သူတွေက စပါးစိုက်ဖို့မြေမပြင်ခင် ပေါင်းကြမ်းသတ်ဆေးဆိုပြီး Glyphosate အသုံးပြုတယ်လို့ဆိုပါတယ်။ ဒီလိုအသုံးပြုရာမှာ စပါးကြဲဖို့ မြေပြင်ချိန်နဲ့ ၁၄-၂၁ ရက် ကြိုစောဖို့လိုပါတယ်။ ရက်ကွာခြားမှုနည်းခဲ့ရင် Glyphosate ကြောင့် စပါးပင်ငယ်ရဲ့ အာဟာရရှိနိုင်မှုကို အဟန့်အတားဖြစ်ရင် အားနည်းတဲ့အပင်ငယ်အတွက် ယခုလို စပါးသက်တမ်း ၁ လမပြည့်မီ ပိုးကျတာမျိုးဖြစ်ခဲ့ရင် ခံနိုင်ရည် နည်းစေလို့ ဆုံးရှုံးမှု သိသာနိုင်လို့ပါ။ ဘာဆေးဖျန်းရမလဲဆိုရင် ယေဘုယျအားဖြင့် ဘာဆေးမှ ဖျန်းဖို့မလိုပဲ စပါးခင်းကို ရေဝပ်အောင် ၂ ရက်လောက်ထားပြီး ရေပြန်ထုတ်လိုက်ရင် သက်သာသွားမှာပါ။ မဖြစ်နိုင်တဲ့အဆုံး မိုးလည်းပြတ်နေတယ်ဆိုရင်တော့ Chlorantraniliprole သုံးလို့ရပါတယ်။
သို့သော် စပါးသက်တမ်း ၁ လသားခန့်မှာ အများစုက ပေါင်းသတ်ဆေးဖျန်းကြတာဖြစ်လို့ အပင်ငယ်ကို ဓာတုဆေး ၂ မျိုးထိစေပြီး stress မရစေတာတော့ အကောင်းဆုံးပါ။

Dr.DaDa
Ph. D Entomology

(သီနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ စာမျက်နှာမှ ကူယူဖါ်ပြပါသည်)

20/06/2026

ဆန်ကြမ်းစျေး တည်ငြိမ်နေပေမယ့် ပြည်ပပို့ကုန်ဆန်ချော(EX) တစ်အိတ်ကို ၇,၀၀၀ ကျပ်ထိ စံချိန် တင် မြင့်တက်လာ

The Farmer Times၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။

အခုဇွန်လ လယ်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအများစု ဈေးနှုန်းတည်ငြိမ်နေ ပေမယ့်၊ ပြည်ပပို့ကုန် (EX) ဆန်ချောဈေးနှုန်းတွေက သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အတွင်း ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံနဲ့ အခြေခံ ဆန်ကြမ်းအများစု ဈေးငြိမ်နေပေမယ့်၊ ပို့ကုန်ဆန်ချောတွေကတော့ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွှေဘိုပေါ်ဆန်း၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း (ဆန်ချောအုပ်စု)

ပြည်တွင်းစားသုံးမှု အဆင့်မြင့်ဆန်ချောအုပ်စုဝင် အများစုဟာ အခုတစ်ပတ်အတွင်းမှာလည်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။

ဇွန်လ ၁၀ ရက်ကနေ ၁၈ ရက်အတွင်း စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၂၀၀,၀၀၀ မှ ၂၁၅,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေပါတယ်။

မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းကလည်း တစ်အိတ်ကို ၁၅၀,၀၀၀ မှ ၁၅၆,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိပြီး၊ တစ်ပတ်လုံး ဈေးနှုန်းပြောင်းလဲမှု မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

ပေါ်ဆန်းနယ်စုံ

ဇွန်လ ၁၀ ရက်နေ့က ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက တစ်အိတ်ကို ၁၃၀,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၃၃,၀၀၀ မှ ၁၄၂,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်ပတ်အတွင်း ပျမ်းမျှတစ်အိတ်ကို ၂,၀၀၀ မှ ၃,၀၀၀ ကျပ်ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။

ဧရာဝတီ၊ ဖျာပုံ၊ မြောင်းမြ (ကြားပျံ)

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ဈေးကွက်ထဲမှာ ကြားပျံ(နယ်စုံ) အမျိုးအစားတွေက တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၅၅,၀၀၀ ကျပ်၊ ဖျာပုံ၊ မြောင်းမြ(ကြားပျံ)ဆန်က တစ်အိတ်ကို ၁၅၈,၀၀၀ မှ ၁၆၈,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ပြီး၊ ဇွန်လ ၁၈ ရက်နေ့အထိ အဆိုပါဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်တည်ငြိမ်နေပါတယ်။

အခြေခံဆန်ကြမ်း

အခြေခံလူတန်းစားတွေ အားထားနေရတဲ့ ဆန်ကြမ်းအုပ်စုထဲမှာတော့ ခွန်နီဆန်နှင့် ကြမ်း(EX) မီဒီယံ ဈေးနှုန်းတွေက အနည်းငယ်လှုပ်ခတ်မှုရှိနေပြီး၊ ကျန်ဆန်ကြမ်းတွေကတော့ စျေးတည်ငြိမ်နေပါတယ်။

ဇွန်လ ၁၀ ရက်က ခွန်နီဆန် တစ်အိတ်ကို ၁၁၀,၀၀၀ မှ ၁၂၃,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၈ ရက်မှာတော့ တစ်အိတ်ကို ၁၁၅,၀၀၀ မှ ၁၂၅,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၂,၀၀၀ မှ ၅,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရက်-၉၀ (ဆန်သစ်)ကတော့ တစ်အိတ်ကို ၈၅,၀၀၀ မှ ၉၀,၀၀၀ ကျပ်၊ ရက်-၉၀ (ဆန်ဟောင်း)က တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်ဖြင့် ဈေးပြောင်းလဲမှုမရှိ တည်ငြိမ်နေပါတယ်။

ဇီယာနှင့် ဧည့်မထ(၁၅%) အကြမ်းက တစ်အိတ်ကို ၆၈,၀၀၀ မှ ၇၂,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။

ငစိန်နှင့် သီးပုဆန်ကတော့ တစ်အိတ်ကို ၆၅,၀၀၀ မှ ၆၉,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ ဆက်လက်တည်ငြိမ်နေပါတယ်။

ချော (EX)၊ ကြမ်း (EX)

ပြီးခဲ့တဲ့ အပတ်က ငြိမ်သက်နေခဲ့တဲ့ ပို့ကုန်(EX) အုပ်စုမှာ ဆန်ချော(EX) က အခုတစ်ပတ်အတွင်း အမြင့် ဆုံးဈေးထိ သိသိသာသာ ခုန်တက်သွားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ချော(EX) တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၈,၀၀၀ ကျပ် ပေါက်စျေးရှိရာမှ ဇွန်လ ၁၈ ရက်မှာတော့ တစ်အိတ်ကို ၅၅,၀၀၀ မှ ၆၅,၀၀၀ ကျပ်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ တစ်ပတ် အတွင်း တစ်အိတ်ကို ၃,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ကြမ်း(EX)ကတော့ တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၄,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပေမယ့်၊ ကြမ်း(EX) မီဒီယံကတော့ တစ်အိတ်ကို ၅၃,၀၀၀ ကျပ်ထိ မြင့်တက်လာပြီး၊ တစ်ပတ်အတွင်း တစ်အိတ်ကို ၁,၀၀၀ ကျပ်ခန့် အနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။

အခု ဇွန်လလယ်အတွင်း ဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းမြင့်တက်မှုတွေဟာ စိုက်ပျိုးရာသီအစ သိုလှောင် ဆန်ဟောင်း လျော့နည်းလာချိန်ဖြစ်တာ အပါအဝင် ပြည်ပပို့ကုန်ဝယ်လိုအားနဲ့ သယ်ယူပို့ဆောင်ရေးစ ရိတ်၊ သွင်းအားစုစရိတ်တွေ မြင့်မားနေတာကြောင့်ဖြစ်ပြီး၊ ဈေးကွက်အတွင်း ဝယ်လိုအားအပြောင်းအ လဲပေါ်မူတည်ပြီး ဈေးနှုန်းတွေ လိုက်ပါပြောင်းလဲနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအ သင်း (MRPTA) က သုံးသပ်ထားပါတယ်။

'The Farmer Times' က သုံးသပ်တင်ပြပေးထားတဲ့ ဆန်စျေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး ၊ လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှု ရှိနိုင်ပါတယ်။

#ဆန်ဈေးနှုန်းနှိုင်းယှဉ်ချက် #ပေါ်ဆန်းနယ်စုံ #ဆန်ကြမ်းဆန်ချော #စိုက်ပျိုးစီးပွား #မြန်မာ့ဆန်ဈေးကွက်
(The Farmer Time page မှ ကူးယူဖေါ်ပြပါသည်)

Address

No. 5, Sin Thiri Street, Ward/1
Bogale

Website

Alerts

Be the first to know and let us send you an email when Radanar Ayar Association - RDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share