07/01/2026
🐝 အရည်အသွေးကောင်း ပျားမျိုးမြှင့်တင်ခြင်းစီမံကိန်း (MBB 2023 Project) ၏ လက်ရှိဆောင်ရွက်မှုနှင့် အောင်မြင်မှုများ
🐝 မြန်မာ့ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ ARISE PLUS MYANMAR (ITC) နှင့် REGIONAL BIOTRADE PROJECT (Helvetas Myanmar)တို့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှအကောင်အထည်ဖော်ခဲ့သော MBB 2023 Project သည် ယခုအခါ ရလဒ်ကောင်းများ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။
🐝 စီမံကိန်းကာလအတွင်း အောက်ပါအဓိကလုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည် -
* ပျားမျိုးမြှင့်တင်ရေးစခန်း တည်ဆောက်ခြင်း: စနစ်ကျသော ပျားမျိုးမြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်စံနှုန်းများနှင့်အညီ ပျားမျိုးမြှင့်တင်ရေးစခန်းတစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါသည်။
* အရည်အသွေးမြင့် မျိုးရိုးဗီဇ တင်သွင်းခြင်း: ပျားများ၏ အရည်အသွေးနှင့် ရောဂါဒဏ်ခံနိုင်ရည် ပိုမိုကောင်းမွန်စေရန် ဥရောပနှင့် ဗီယက်နမ်နိုင်ငံတို့မှ Apis Mellifera Carnica ပျားဘုရင်မများကို တင်သွင်းခဲ့ပါသည်။ ဤပျားမျိုးစိတ်များသည် ပျားရည်စုဆောင်းမှုကောင်းခြင်းနှင့် သိမ်မွေ့ငြိမ်သက်ခြင်း စသည့် အကျိုးကျေးဇူးများရှိပါသည်။
* နည်းပညာ အဆင့်မြှင့်တင်ခြင်း (AI Training): ဗီယက်နမ်နိုင်ငံတွင် အဆင့်မြင့် AI (Artificial Insemination) သင်တန်းများကို သွားရောက်လေ့လာခဲ့ပြီးနောက်၊ ပြည်တွင်းရှိ ပျားမွေးမြူသူများအတွက် နည်းပညာဆင့်ပွားသင်တန်း (၃) ကြိမ်ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါသည်။
💪🏻 လက်ရှိအခြေအနေနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ
ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ၏ ရလဒ်အဖြစ်၊ ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အရည်အသွေးမြင့် မျိုးမြှင့်ပျားများကို ပျားမွေးမြူသူများထံသို့ စတင်ဖြန့်ဖြူးပေးနေပြီ ဖြစ်ပါသည်။
📍 လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုမှတ်တိုင်
🐝 ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံပျားရုံး တွင် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး ပျားမွေးမြူသူ (၁၂) ဦးအား မျိုးမြှင့်ပျားဘုရင်မ (၁၆) ကောင်ကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့အပြင် ဝက်ဝံပျားရုံးရှိ မျိုးမြှင့်ပျားဘုရင်မစခန်းအတွက်လည်း မျိုးကောင်းမျိုးသန့် ပျားဘုရင်မ (၁) ကောင်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
🐝 ဤလုပ်ဆောင်ချက်များကြောင့် ပျားမွေးမြူသူများအနေဖြင့် ပျားရည်စုဆောင်းမှုကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ပျားမျိုးစိတ်များကို ပိုင်ဆိုင်လာနိုင်ကာ မိသားစုဝင်ငွေ ပိုမိုတိုးတက်လာစေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
🇲🇲 မြန်မာ့ပျားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ခေတ်မီနည်းပညာများ အသုံးချနိုင်စေရန် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ အစဉ်တစိုက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
(ENGLISH VERSION)
🐝 Empowering Myanmar’s Apiculture: MBB Project Milestones (2023–2026)
Since 2023, the MBB (Quality Bee Breeding) Project—a strategic partnership between the Myanmar Beekeeping Association and Helvetas Myanmar—has been modernizing the nation's honey industry. We are proud to announce that the project has now transitioned from technical development to active field distribution.
Key Achievements to Date:
* Infrastructure: Established a state-of-the-art Bee Breeding Station.
* Genetics: Successfully introduced high-productivity Carnica queen bees from Europe and Vietnam.
* Innovation: Localized Artificial Insemination (AI) expertise through specialized training.
📍 Field Impact: On December 24, 2025, we marked a major milestone in Pyin Oo Lwin, distributing 16 high-quality queen bees to 12 local beekeepers and donating an elite queen to the Wetwun Bee Center to support regional breeding.
🚀 Current Status: As of January 2026, we are scaling the distribution of these superior bee varieties. Our goal is to enhance beekeepers' productivity and income while ensuring the long-term sustainability of Myanmar’s honey sector.